တိုက်ပွဲသတင်း

စစ်ကောင်စီတပ် အထိနာခဲ့သည့် ရွှေကူမြို့နယ် ဇင်းဘုံရွာတွင် စစ်ရေးတင်းမာနေဆဲ

ရွှေကူမြို့နယ် ဇင်းဘုံရွာအနီး စစ်ကောင်စီတပ် နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ ယမန်နေ့ည တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် လက်ရှိအချိန်ထိလည်း နှစ်ဖက်စစ်ရေး တင်းမာလျှက် ရှိနေကြောင်း ဒေသခံများထံ မှ သိရသည်။

ယမန်နေ့ည ၈ နာရီဝန်းကျင် ရွှေကူ စင်းခန်းကျေးရွာ မှ ဇင်းဘုံကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် တက်လာသည့်စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ဇင်းဘုံရွာအနီး ပဒေသာမိုင်းဖြင့် နှစ်ကြိမ် စောင်ကြိုတိုက်ခိုက်ခဲ့ရာမှ လက်ရှိချိန်ထိ နှစ်ဖက်အပြန်အလှန် စစ်ရေးတင်းမာလျှက်ရှိကြောင်း သိရသည်။

“ခု စစ်ကောင်စီတပ်က ဇင်းဘုံရွာထဲမှာဘဲ ရှိနေသေးတယ် စစ်ကြောင်းက အဲရွာကနေ ထပ်တက်လာရင် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တယ်။ လောလောတော့ နှစ်ဖက်စောင့်ကြည့်အနေထားနဲ့ တင်းမာနေတုန်းဘဲ” လို့ အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ည တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ထိခိုက်သေဆုံးမှုများစွာရှိခဲ့သည့်အတွက် စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်သုံးကာ ထိခိုက်သေဆုံးသူများအား ဗန်းမော်စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲကြောင့် ယနေ့ ဗန်းမော်- ရွှေကူ ရေလမ်း၊ ကုန်းလမ်းများ ဖြတ်သန်းသွားလာခွင့်လည်း တားမြစ်ထားကြောင်း သိရသည်။

“သေတဲ့သူရော ဒဏ်ရာရတာရော များတယ်လို့ သိရတယ်။ ပြီးတော့ ဒီနေ့ညနေ ၂ နာရီထိတော့ ကားလမ်းတွေ ရေလမ်းတွေ ပိတ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားသည့် ဇင်းဘုံရွာနှင့် အနီးပတ်ဝန်းကျင်ရွာမှ ဒေသခံပြည်သူများသည် လက်ရှိ ရွှေကူအမှတ် (၂) ဝါဆိုဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဒေသခံများ၏ပြောဆိုချက်အရ စစ်ကောင်စီတပ်သည် လက်ရှိချိန်ထိ ဇင်းပုံကျေးရွာအနီး တပ်စွဲထားသည့်အပြင် ကျေးရွာပြင်ပဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

“နေ့လည် ၂ နာရီလောက်ကတည်းက အိမ်မီးရှို့တာက မြို့ထဲပြန့်နေပေမယ့် မြေပြင်အခြေအနေက ဘယ်လိုလဲမသိသေးဘူး။ ရွာဘက် မီးခိုးတွေအူနေတာမြင်ရတယ်‌” လို့ ရွှေကူမြို့ခံ ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့ည ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်သည် တပ်မ ၆၀၁ တပ်ရင်းမှ ဖြစ်ပြီး ဩဂုတ်လ ‌၄ ရက်နေ့ ‌ ၆၀၁ တပ်ရင်းမှ အရာခံဗိုလ်နှင့် တပ်သား ၂ ဦး မော်တော်ပေါ်မှာ ဖမ်းခံရပြီးနောက် စစ်ကြောင်းထိုးတက်လာခဲ့ရာမှ တိုက်ပွဲဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဇင်းဘုံရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး ရွှေကူမြို့မှ ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ဝန်းကျင်သွားရသည့် ကျေးရွာဖြစ်ပြီး ဒုတိယမြစ်ကျဉ်းအဝအနီးရှိသည့် ကျေးရွာဖြစ်သည်။

Show More

Related Articles

Back to top button