ပူတာအိုတွင် ဓာတ်ဆီပြတ်လပ်လာသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနေ

ပူတာအိုဒေသတွင် ဓာတ်ဆီကားအဝင်မရှိသည့် တစ်ပတ်ခန့်ကြာမြင့်လာပြီးနောက် လက်ရှိတွင် အကန့်အသတ်ဖြင့်သာရောင်းချပေးနေသောကြောင့် ဓာတ်ဆီဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။
သြဂုတ်လ ၄ ရက်နေ့မှစတင်ပြီး မြစ်ကြီးနားဘက်မှ ဓာတ်ဆီတစ်မျိုးတည်း ကားအဝင်မရှိတော့သည့်အတွက် ပူတာအိုမြို့ပေါ်ရှိ ဆီပန့်ဆိုင်များတွင် ဓာတ်ဆီပြတ်လပ်လာကြောင်း ဇေယျာမင်းစက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။
“ဓာတ်ဆီကား မဝင်တာ ၃ရက် ၄ ရက်လောက်ရှိပြီ။ အခုက မောင်းဆီသီးသန့်ပဲရောင်းပေးနေရတယ်။ ပုံးနဲ့လာဝယ်ရင်တော့မရတော့ဘူး။ ဂါလံနဲ့ဆိုရင်တော့ ရောင်းပေးတယ်။ ဒီဇယ်ကတော့လိုသလောက်ရတယ်”ဟုပြောဆိုသည်။
ပူတာအိုမြို့ပေါ်ရှိ ဆီပန့်ဆိုင်များတွင် ဒီဇင်တစ်ခုတည်းသာ ရောင်းချပေးနေသည့်အတွက် ဒေသခံအချို့အခက်အခဲဖြစ်နေကြောင်းသိရသည်။
“ဒီမနက် ခြံမှာ မြက်ရိတ်ဖို့ဆိုပြီး နှစ်ဂါလံလောက်သွားဝယ်တာမရခဲ့ဘူး။ မြစ်ကြီးနားဘက်ကနေ ကားမဝင်လို့တဲ့ ဆိုင်ကယ်မှာမောင်းဖို့လောက် တော့ရောင်းပေးတယ်။ ပုံနဲ့ကတော့တစ်ဂါလံတောင်မရနိုင်ဘူးတဲ့။ ခုချိန်က ပေါင်းရှင်းမြက်ရှင်းလုပ်ရမယ့်ချိန်ဒီဘက်ကလူတွေအများစုခြံလုပ်ငန်းတွေလုပ်ကြတာ။ ခုလိုလုပ်ငန်းသုံးဖို့အတွက် ဆီမရနိုင်တော့ ခက်ခဲဖြစ်တာပေါ့ဗျာ”ဟုလေယာဉ်ကွင်းရပ်ကွက် ဒေသခံတစ်ဦးက ပြောဆိုထားသည်။
လတ်တလောပူတာအိုတွင် အပြင်ပုလင်း ချိန်ရောင်းသည့်ဆိုင်များ၌ ဓာတ်ဆီတစ်ပုလင်းလျှင် ကျပ် ၂၅၀၀မှ ကျပ် ၃၀၀၀ အထိရှိပြီး ဆီပန့်ဆိုင်များတွင် 92 တစ်လီတာ ၂၆၀၀၊95 တစ်လီတာ ၂၆၈၀ အထိရှိပြီး ပရီမီယမ်ဒီဇယ် တစ်လီတာ ၂၈၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၈၂၀ အထိရှိကြောင်းသိရသည်။
ထိုနည်းတူ ဗန်းမော်ဘက်တွင်လည်း ဓာတ်ဆီများ ပြတ်လပ်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။
ကချင်ပြည်နယ်အတွင်းသို့ စက်သုံးဆီများကို ရန်ကုန်နှင့်မန္တလေးဘက်မှ တင်သွင်းလျက်ရှိပြီး လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးဘက်၌ ဓာတ်ဆီဝယ်ယူရန် ခက်ခဲနေသောကြောင့် ပူတာအိုတွင် ဆီကားမရောက်ရခြင်းဖြစ်ကြောင်းသိရသည်။