သတင်း

စစ်ကောင်စီတပ်ရှိနေသော နမ္မတီးမြို့ အထက်တန်းကျောင်း ဖေါက်ခွဲခံရ

နမ္မတီးမြို့ အထက်တန်းကျောင်းဝင်းတွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် မိုင်းပေါက်ကွဲခဲ့သည်ဟု ဒေသခံများ ပြောသည်။

ကျောင်းဝင်းတွင် စစ်ကောင်စီတပ်သားများ ရှိနေသဖြင့် အမည်မသိအဖွဲ့ တစ်ဖွဲ့ ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု နမ္မတီးဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“ဘယ်အချိန် လာထောင်ထားတဲ့ မိုင်းလဲမသိဘူး။ အဲ့မိုင်းက ဒီမနက် ပြန်ပေါက်ကွဲသွားတာဟုတ်တယ်။ ထိခိုက်မှုတော့မရှိဘူး။ မိုင်းပေါက်ကွဲသွားတော့ ကျောင်းရဲ့ အုပ်နံရံတွေမှာ နည်းနည်း စင်သွားတဲ့ သဘောလောက် ဖြစ်သွားတယ် အဲ့လောက်ဘဲ”ဟု ပြောဆိုသည်။

ထိုနည်းတူ ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင် နမ္မတီး မြို့လှရပ်ကွက်တွင် နေထိုင်သော ဦးဝင်းဇော်ထွန်း၏ နေအိမ်ကို လူငယ် ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး မိုင်းတစ်လုံး လာရောက်ပစ်ထည့်လိုက်သောကြောင့် ပေါက်ကွဲမှုဖြစ်ကာ နေအိမ်ပျက်စီးမှု ရှိခဲ့သည်။

“ပေါက်ကွဲတဲ့အချိန်က ၉ နာရီလောက်ရှိပြီ။ အိမ်ရှင်တွေပြောတော့ လူငယ် ၂ယောက်က ဆိုင်ကယ်နဲ့လာပြီး အိမ်ရှေ့ဝမှာ လာပစ်သွားတယ်တဲ့။ ပေါက်ကွဲမှုဖြစ်တော့ အိမ်ရှေ့ဘက်က နည်းနည်းထိသွားတယ်။ နောက် ခေါင်မိုးသွပ် ၂ချပ်လောက် ပွင့်သွားတယ်။ လူကဘာမှမဖြစ်ဘူးလို့ပြောတယ်” ဟု မြို့လှရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဒေသခံများ၏ပြောဆိုချက်အရ နေအိမ် ဖေါက်ခွဲခံရသော ဦးဝင်းဇော်ထွန်းသည် စစ်ကောင်စီတပ်၏ သတင်းပေးတစ်ဦးဖြစ်သည့်အပြင် ချဲရောင်းချ နေသူတစ်ဦးဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုများကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို အသေးစိတ် မသိရဘဲ တစ်ရက်အတွင်း ပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button