သတင်း

ကသာတွင် မိုင်းပေါက်ကွဲမှုကြောင့် အမိုက်ကောက် သားအမိ ၂ဦးကျည်ထိမှန်ကာ သမီးဖြစ်သူ သေဆုံး

ကသာမြို့နယ် စေတီကုန်းကျေးရွာ ဘုန်းကြီးကျောင်းရှေ့ ယနေ့နေ့လည် ၁၁ နာရီဝန်းကျင်ခန့်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာတွင် ရေသန့်ဗူးလိုက်ကောက်သည့် သားအမိ ၂ဦး မိုင်းစထိမှန်သည့်အတွက် သမီးဖြစ်သူ ပွဲချင်းပြီးသေဆုံးကာ မိခင်ဖြစ်သူဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း ဒေသခံများမှ သိရသည်။

မိုင်းက ဘုန်းကြီးကျောင်းအရှေ့ လမ်းဘေးက ဇရပ်နားမှာ ကွဲသွားတာ။ ရေသန့်ဗူးခွံကောက်တဲ့ သားအမိနှစ်ယောက်ကို ထိသွားတယ်။ ကလေးကတော့ ဗိုက်ပွင့်ပြီးသေတယ်ဟု ကသာဒေသခံတစ်ဦးကပြောသည်။

မိုင်းထိမှန်ခဲ့သော သားအမိသည် အခြေားဒေသမှ ကသာမြို့ရပ်ကွက် ၄ မုံလတန်းရပ်ကွက်တွင် လာရောက်ရွှေ့ပြောင်းနေထိုင်လျက်ရှိပြီး ရေသန့်ဗူးခွံလိုက်လံကောက်၍  အသက်မွေးဝမ်းကျောင်းပြုနေရသူများဖြစ်ကြသည်။

မိုင်းက လမ်းဘေး ဇရပ်နားမှာကွဲတာ ဘက်ထရီအိုးနဲ့ တွဲထားတယ်လို့သိရတယ်။ ကလေးငယ်က ဘက်ထရီအိုးကို ကောက်ယူတဲ့အချိန်မှာ ကွဲသွားတာလို့သိရတယ်ဟုဆက်ဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲဒဏ်ရာကြောင့် သေဆုံးသွားသည့် သမီးဖြစ်သူမှာ အသက် ၁၀ နှစ်ဝန်းကျင် အရွယ်ရှိသူဖြစ်ပြီး မိခင်းဖြစ်သူသည် အသက် ၃၅နှစ် ရှိသူဖြစ်သည်။

မိခင်ဖြစ်သူမှာလည်း သူ၏ ခြေထောက်တစ်ဖက်နှင့် ကျောနေရာတွင် ဒဏ်ရာပြင်းထန်ရရှိခဲ့သည့်အတွက် ကသာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး နယ်မြေဒေသအတွင်း နီးစပ်ရာတော်လှန်ရေးအဖွဲ့များအား KNG သတင်းဌာနမှ မေးမြန်းဆက်သွယ်ခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်မဟုတ်ကြောင်း ကသာ PDF တပ်ဖွဲ့များထံမှသိရသည်။

Show More

Related Articles

Back to top button