တိုက်ပွဲသတင်း

စစ်ကောင်စီ၏ သင်္ဘောလုံခြုံရေးတပ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးဟုဆို

ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီတပ်၏ သင်္ဘောလုံခြုံရေးယူပေးရန် မြစ်ကမ်းတစ်လျှောက် ခြေကျင်ဖြင့်သွားလာနေသောစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ‌ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

စက်တင်ဘာလ ၅ ရက် ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများသည် ရိက္ခာတင် သင်္ဘောကို လုံခြုံရေးယူပေးရန် ဧရာဝတီမြစ်ကြောင်းတွင် သွားလာနေစဉ် မိုးတားလေးရွာနှင့် သံပုရာကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု PDF နှင့် နီးစပ်သော ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက KNG ကို ပြောသည်။

သူတို့ဘက်က သုံးယောက်ကျသွားတာ ဟုတ်တယ်။ ဖြစ်ပွားတဲ့နေရာမှာ သွေးစတွေပါ တွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တွဲခေါ်သွားကြတယ်ဟု ဆိုသည်။

ထိုသို့ မိုင်းခွဲခံရပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အချိန်အတန်ကြာ ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင်သင်္ဘောသည် သြဂုတ်လ ၈ ရက်နေ့ မန္တလေးဘက်မှ ဗန်းမော်ဘက်သို့ စစ်အင်အားနှင့် စားနပ်ရိက္ခာအပြည့် တင်ဆောင်ထားသည့် သင်္ဘော ၆ စီးဖြစ်ပြီး  မြစ်ကြောင်းတစ်လျှောက် ၎င်းတို့တပ်ရှိရာနေရာများတွင် ရိက္ခာများ နှင့် စစ်အင်အားများ ပို့ဆောင်ပေးနေသည်ဟု သိရသည်။

အဲသင်္ဘော ၆ စီးက ဗန်းမော်ထိ ရောက်တယ် မြစ်ကြောင်းတစ်လျှောက် ရိက္ခာချလာတယ်။ ခုက ပြန်စုန်လာတာဟုတ်တယ်ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၈ ရက်နေ့ မန္တလေးမှ စစ်အင်အား၊ ရိက္ခာအပြည့်နှင့် ဆန်တက်လာသည့် အဆိုပါ စစ်ကောင်စီတပ်၏ သင်္ဘော ၆ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF များမှ မြစ်ကြောင်းတစ်လျှောက်တွင် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက်နေ့ ကသာမြို့အဝင် တိုက်ပွဲတွင် ထိခိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button