သတင်း

ဝိုင်းမော်ဒေသခံများ ပြည်သူ့စစ်အဖွဲ့၏ ဖမ်းဆီးရိုက်နက်မှုကို ခံနေရ

ဝိုင်းမော်မြို့နယ် အောင်မြေ () ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် စက်တင်ဘာ ၁၁ ရက်ည အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ရပ်ကွက် ၃ တွင် နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ဦးရှောင်ဘားဆိုသူကို ပြည်သူ့စစ်အဖွဲ့ အင်အား ၂၀ ဝန်းကျင်မှ ည ၁၂ နာရီအချိန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အောင်မြေ() ဒေသခံအမျိုးသမီးတစ်ဦးက KNG ကို ယခုလို ပြောဆိုသည်။

ဖမ်းသွားတဲ့ အစ်ကိုယ်က အင်္ကျီတောင်မပါပဲ ဒီအတိုင်း ကြိုးတုတ်ဖမ်ခေါ်သွားတယ်။ သူတို့က KIA နဲ့ ဆက်သွယ်တဲ့ ဆိုပြီး ဖမ်းသွားတာဟုတ်တယ်။ အရင်တုန်းကတော့ ရှိရင်ရှိခဲ့မယ်။ အခုနောက်ပိုင်းက ဘယ်မှမသွားဘဲ အိမ်မှာနေရင်း လယ်လုပ်ရင်းနဲ့ပဲနေတာဟုတ်တယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ဦးရှောင်ဘား ၃ ရက်ခန့်အကြာ သတင်းအစအနပျောက်နေသဖြင့် မိသားစုဝင်များမှ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို အကူညီတောင်းခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ထားကြောင်း ထပ်မံသတင်းရရှိခဲ့သည်ဟု သူက ဆက်ဆိုထားသည်။

ဖမ်းသွားတဲ့နောက်တစ်ရက်ဆို မိသားစုတွေနဲ့ ရွာက တာဝန်ရှိသူတွေ ၅၈ တပ်ရင်းနဲ့ မြို့နယ်တွေမှာ လိုက်စုံစမ်းတယ်။ မသိဘူးဆိုတာကြီးပဲ။ လုံးဝအဆက်အသွယ်မရလို့ PCG ကိုအကူအညီပြန်တောင်းပြီး စုံစမ်းခိုင်းတယ်။ အခုက တိုင်းမှာ ရောက်နေပြီလို့ ပြန်ပြောလာတယ်ဟု ပြောဆိုသည်။

ဦးရှောင်ဘားကို လာရောက်ဖမ်းဆီးချိန်တွင် ငြင်းဆန်သည့်အတွက် ပြည်သူ့စစ်အဖွဲ့မှ ရိုက်နက်မှုများပြုလုပ်ကာ သေနတ်ဖောက်ခွဲမှုများပြုလုပ်ခဲ့သောကြောင့် ဦးရှောင်ဘာ၏ နေအိမ်တစ်ချို့နေရာတွင် သေနတ်ထိမှန် ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။

ထိုနည်းတူ အဆိုပါ ပြည်သူ့စစ်အဖွဲ့သည် စက်တင်ဘာလ ၁၁ ရက် တစ်ရက်အတွင်း နောက်ထပ် လူငယ် ၂ဦးကိုလည်း ဖမ်းဆီးပြီး ၆ ပေါက်ထည့်သွင်းကာ ရိုက်နက်ခဲ့သဖြင့် လူငယ် ၂ဦးမှာ ပြင်းထန်ဒဏ်ရာရှိထားကြောင်း သိရသည်။ နောက်တစ်ရက်တွင် တစ်ဦးလျှင် ကျပ်ငွေ ၁ သိန်းစီပေးမှသာ မိသားစုဝင်များမှ သွားရောက် ခေါ်ထုတ်ယူရကြောင်း ဆက်သိရသည်။

ဦးရွှေမင်း ဦးဆောင်သည့် ဝိုင်းမော် ပြည်သူ့စစ်အဖွဲ့သည် ဝိုင်းမော်ဒေသအတွင်း ဒေသခံပြည်သူများကို KIA နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးမှုများ ပုံမှန်ရှိနေပြီး ပြည်သူ့စစ်ဂိတ်ရှိသည့်နေရာတွင် ငွေကြေးကောက်ခံမှုများလည်း ပုံမှန်ရှိနေသည်ဟု ဒေသခံများပြောဆိုသည်။

Show More

Related Articles

Back to top button