လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အာလမ်ကျေးရွာတွင် လီဆူအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်ပြီး အလောင်းမီးရှို့ခဲ့

မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာ ရပ်ကွက် ၂ တွင် နေထိုင်သည့် ဒေသခံ လီဆူအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ သေနတ်ပစ်သတ်ကာ ရုပ်အလောင်း မီးရှို့ဖျက်ဆီးသွားသည့် ဖြစ်စဉ် ယမန်ည ၉နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

သူက မြစ်ဆိပ်ဘက်သူ့ရဲ့ဝါးဖောင်ကို သွားကြည့်ဖို့ အသွား စစ်ကြောင်းနဲ့တိုးရော အာ့မှာစစ်သားတွေက တားတော့ သူကလည်းကြောက်လို့ ထွက်ပြေးတဲ့အချိန်မှာ သေနတ်နဲ့ပစ်သတ်လိုက်တာ။ ပစ်သတ်ပြီးတော့ အလောင်းကိုကျတော့ မြစ်ကမ်းနံဘေးမှာ ထင်းတွေပုံပြီးမီးရှို့လိုက်ကြတာလို့ သိရတယ်လို့ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

သေနတ်ပစ်သတ်ခံရသူသည် ဖောင်သွားကြည့်ရန် အိမ်အထွက်အနားတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ထိုပစ်သတ်မှုဖြစ်ပွားနေချိန်တွင် မိသားစုများအား နေအိမ်မှ အပြင်မထွက်ရန် စစ်ကောင်စီတပ်သားများက တားမြစ်ထားပြီး မိသားစုဝင်များ၏ ဖုန်းများပါ သိမ်းယူသွားကြောင်းသိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၃၅နှစ်အရွယ်ရှိ ဦးလယ်မဒီးဆိုသူဖြစ်ပြီး သား ၂ဦး၏ ဖခင်ဖြစ်ကြောင်းလည်း သတင်းအရင်းအမြစ်ထံမှသိရသည်။

ယမန်ည စစ်ကောင်စီတပ်ဖွဲ့သည် အာလမ်ကျေးရွာအတွင်း သွားလာဖြတ်သန်းသည့်ပြည်သူများကို စစ်ဆေးသည့်အပြင် အချို့နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ဒေသခံတစ်ဦး ပစ်သတ်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button