သတင်း

ဆိပ်မူတွင် စစ်ကောင်စီယာဥ်တန်း ၂ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာဘက်သို့ စစ်ရေးလှုပ်ရှားသွားလာသည့် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းအဖွဲ့  ၂ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက် ထိခိုက်မှုရှိကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

စက်တင်ဘာလ ၁၉ ရက် ယမန်နေ့ စပေါ့ကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီတပ်သားများ အိမ်စီးကား ၂စီးအပါ စစ်ကား ၁၀ စီးခန့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် အပြန်တွင် ၂ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။

စစ်ကား ၁၀ စီးပါတယ် ၂စီးက 4Wheel ဟုတ်တယ်။ မနက်ပိုင်းက သွားလိုက်တာ အပြန်ကျတော့ ၂နာရီ ၅မိနစ်လောက်မှာ မိုင်းခွဲခံလိုက်ရတာဟုတ်တယ်။ ပထမ တစ်ကြိမ်ဆွဲခံရတုန်းကတော့ ထိခိုက်မှုမရှိဘူး။ နောက်တစ်ခေါက် ၃နာရီလောက်မှာ တစ်ခေါက်ပြန်ဆွဲခံရတယ်။ အဲ့အချိန်မှာက တော်တော်ထိကြတယ်ထင်တယ်။ အော်သံတွေကြားရတယ်ဟုပြောသည်။

စစ်ကောင်စီ စစ်ယာဉ်တန်း ၂ကြိမ်တိုက်ခိုက်ခံရမှုမှာ စပေါ့ကျေးရွာအဝင်ဝတွင် တစ်ကြိမ်၊ ဆိပ်မူကျေးရွာနှင့် ဖားကန့်မြို့ကြားတွင် တစ်ကြိမ် စုစုပေါင်း ၂ကြိမ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းအဖွဲ့ကို  KIA နှင့် PDF အဖွဲ့တို့၏ ကြိုတင်ထောင်ထားသည့် မိုင်းများဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပါသည်။

အလားတူ စက်တင်ဘာလ ၁၄ရက်နေ့တွင် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သောကြောင့် KIA နှင့် PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့အထိ စစ်ရေးတင်းမာလျက်ရှိနေပါသည်။

Show More

Related Articles

Back to top button