အင်တာဗျူး

KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ရာ လိုင်ဇာမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် KIO အစိုးရတို့ပူးပေါင်းပြီး Kachin State Comprehensive University  (KSCU) တက္ကသိုလ်ကျောင်းကို အခုနှစ်မေလမှာ ဖွင်လှစ်ပြီး စက်တင်ဘာလမှာတော့ စတင် သင်ကြားနေပြီ ဖြစ်ပါတယ်။

Kachin State Comprehensive University  (KSCU) ကျောင်းနှင့် ပတ်သက်ပြီး လက်ထောက် အဓိပတိဖြစ်သော ဒေါက်တာအောင်ကိုလင်း ကို KNG မှ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ပထမဆုံး ဆရာ့နာမည်နဲ့ အလုပ်အကိုင်ကို မိတ်ဆက်ပေးပါ။

ဖြေ။ ကျွန်တော့နာမည်ကတော့ ဒေါက်တာအောင်ကိုကိုလင်းလို့ခေါ်ပါတယ်။ မူလတာဝန်ကတော့ မြစ်ကြီးနားတက္ကသိုလ် စိတ်ပညာဌာနကနေဖြစ်ပါတယ်။ CDM ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) မှာလက်ထောက်အဓိပတိ တာဝန်ထမ်းဆောင်နေပါတယ်။

မေး။ KSCU အကြောင်းကို အများပြည်သူတွေသိအောင် အကျယ်တစ်ဝင့် ရှင်းပြပေးပါ။

ဖြေ။ Kachin State Comprehensive University  ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ကြီးလို့ ခေါ်ပါတယ်။ ကချင်ပြည်နယ်လို့ဆိုတဲ့အတိုင်း  ကချင်ပြည်နယ်မှာရှိတဲ့ ယခင်ပြည်ထောင်စုအဆင့်ဆင့် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တက္ကသိုလ် စုစုပေါင်း ၈ ခုပါဝင်ပါတယ်။ Comprehensive ဆိုတဲ့အတိုင်း ဝိစ္စာသိပ္ပံ၊ သူနာပြုသိပ္ပံ၊ ကွန်ပျူတာသိပ္ပံ၊ စိုက်ပျိုးသိပ္ပံ တွေရှိတယ်။ ကျွန်တော်တို့က ပညာရပ်စုံတက္ကသိုလ်တစ်ခုဖြစ်တယ်။ အနာဂတ်မှာလည်း ကျွန်တော်တို့ ကချင်ပြည်နယ် လူထုအတွက် ကျွန်တော်တို့ဆီမှာမရှိသေးတဲ့ စီးပွားရေးတက္ကသိုလ်လည်း ဖွင့်သွားဖို့ရှိတယ်။ အခြေခံလူထုကျန်းမာရေး တက္ကသိုလ်မျိုးလဲ ဖွင့်သွားဖို့ရှိပါတယ်။

မေး။ KSCU မှာ ဘယ်သူတွေပါဝင်ပြီး ဘယ်လို ဖွဲ့စည်းခဲ့တာလဲ။

ဖြေ။  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖဝါရီလ ၁ နောက်ပိုင်း တော်လှန်ရေးနဲ့အတူ တက္ကသိုလ်ကောင်စီတွေလည်း ပေါ်လာခဲ့တယ်။ ဒီတက္ကသိုလ်ကောင်စီဆိုတာလည်း အမျိုးသားညီညွတ်ရေးအစိုးရ  ပညာရေးဝန်ကြီးဌာနရဲ့  တိုက်တွန်းညွန်ကြားချက်အရ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်ကောင်စီတွေဖြစ်ကြတယ်။ တက္ကသိုလ်ကောင်စီမှာ တော်လှန်ရေးမှာ  ပြည်သူလူထုဘက်က ရပ်တည်းပြီးတော့ CDM မှာပါဝင်တဲ့ ကျောင်းသားတွေ၊ ဆရာဆရာမတွေကို ကူညီပေးဖို့နဲ့ ကြားကာလမှာ ဆောင်ရွက်သွားမယ့် ပညာရေးဆိုင်လုပ်ငန်းတွေကို လုပ်ဖို့ရည်ရွယ်ချက်အသီးသီးနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ အဖွဲ့အစည်းတွေက နောက်ပိုင်းမှာ စုစည်းပြီးတော့ တစ်ကျောင်းခြင်းလုပ်မယ့်အစား ပြည်နယ်တစ်ခုလုံးကို ကိုစားပြုတဲ့ ကျောင်းကြီး ဖြစ်ပြီး အင်အားလည်းပိုကြီးမားမယ်၊ ပိုပြီးစုစည်းညီညွတ််ကြမယ်ဆိုပြီးတော့ ပေါင်းစည်းထားတာဖြစ်ပါတယ်။ KSCU ရဲ့အဓိက အဖွဲ့ဝင်တွေကတော့ တက္ကသိုလ်၊ ဒီကရီကောလိပ်၊ သင်တန်းကျောင်းအသီးသီးရယ် ကောင်စီတွေဖြစ်ပါတယ်။

မေး။ NUG နဲ့ကော ဘယ်လိုချိတ်ဆက်မှုရှိသလဲ။

ဖြေ။ ကောင်စီတွေစပေါ်လာတာက NUG စပေါ်လာတဲ့အခါ NUG ရဲ့ ပညာရေးဝန်ကြီးဌာနကနေ တစ်နိုင်ငံလုံးမှာရှိတဲ့ CDM ဆရာ ဆရာမတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ ကျောင်းသားတွေကို အစည်းအဝေးတွေအကြိမ်ကြိမ်ခေါပြီးတော့ အခြေခံပညာရေးမှာဆိုရင် မြို့နယ်အခြေခံဘုတ်အဖွဲ့တွေ၊ ဥပမာဆိုရရင် မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ ဝိုင်းမော်မြို့နယ် ပညာရေးဘုတ်အဖွဲ့တို့ ဒါမျိုးတွေဖွဲ့ဖို့ အားပေးသကဲ့သို့ အဆင့်မြင့်ပညာရေးကဏ္ဍမှာလည်း တက္ကသိုလ်အလိုက် ကောင်စီတွေဖွဲ့ဖို့ တိုက်တွန်းအားပေးကြတယ်။ ကောင်စီတွေဖွဲ့တဲ့အခါမှာလည်း သူတို့ရဲ့တိုက်တွန်းအားပေးချက်နဲ့အညီ ကချင်ပြည်နယ်ထဲမှာလည်း ကောင်စီတွေဖွဲ့ကြတယ်။ ကောင်စီတွေက အစကတည်းက ပညာရေးဝန်ကြီးဌာနရဲ့ တော်လှန်ရေးရည်မှန်းချက်နဲ့အညီ ကြားကာလအတွင်းမှာ ပြည်သူလူထုကို အထောက်အကူပြုဖို့၊ ပညာရေးဆိုင်ရာ ပို့ချသင်ကြားမှုတွေပြုပေးဖို့ လုပ်ကြတယ်။

ကျွန်တော်တို့က KSCU မဖြစ်ခင် ကောင်စီဘဝကတည်းက ပညာရေးဝန်ကြီးဌာနနဲ့ ပူပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ် KSCU ဖြစ်ဖို့အတွက်စုစည်းတဲ့အခါမှာ NUG ပညာရေးဝန်ကြီးဌာနတွေကို အကြိမ်ကြိမ်အခါခါတွေ့ရပါတယ်။ အဓိကကတော့ ဘယ်ပေါ်မှာ အခြေခံတွေ့လည်းဆိုတော့ ၂၀၂၁ ခုနှစ်ထဲ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ မူဝါဒတစ်ခုရှိပါတယ်။ ဖယ်ဒရယ် ဒီမိုကရေစီ ပညာရေးဝါဒမူကြမ်းဆိုပြီးတော့ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဖယ်ဒရယ်ပြည်ထောင်စုမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပညာရေးဆိုင်ရာ မူဝါဒကို ချပြလိုက်တယ်။ အဲဒါကတော့ အခြေခံအတွက်လည်းပါတယ် အဆင့်မြင့်အတွက်လည်းပါတယ်။ အဲဒီထဲက အကြံပြုချက်များနဲ့ တည်ထောင်ထားတာဖြစ်ပါတယ်။

ကျွန်တော်တို့ မူဝါဒပိုင်းအရ တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသားအဆင့် မူဝါဒတွေနဲ့အညီ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်တယ်။ ကျွန်တော်တို့က သူတို့ချပေးထားတဲ့ ပညာရေးမူဝါဒမူကြမ်းထဲကအတိုင်း ပုံစံထုတ်ထားသော်လည်း ဒါတွေဟာ ကျွန်တော်တို့ အကောက်ယူမှားတာဖြစ်မလား၊ ကျွန်တော်တို့ယူဆတာမှန်သလားဆိုတာကို အတည်ပြုပေးဖို့ သူတို့နဲ့ အကြိမ်ကြိမ် အခါခါပြန်တွေ့တဲ့အခါ သူတို့ လိုအပ်တဲ့အကြံဉာဏ်တွေပေးတယ် ပြင်ဆင်ချက်တွေလုပ်ပြီးတဲ့အခါမှာ နောက်ဆုံးမှာ NUG အစိုးရက သူတို့ရည်မှန်းထားတဲ့အတိုင်း အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုမှာ ရှိသင့်ရှိထိုက်တဲ့ အဆင့်မြင့်ပညာရေးမူဝါဒနဲ့ ကိုက်ညီတဲ့ ပုံစံပေါ်ရောက်ရှိခဲ့တာဖြစ်တယ်။ အဲဒီအထိ ကျွန်တော်တို့ အတူတစ်ကွ ပြုလုပ်ခဲ့တာဖြစ်တယ်။ ဒီနေ့ KSCU က NUG အစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ဘယ်လိုပတ်သက်လဲဆိုတော့ မူဝါဒရေးရာ ညှိနှိုင်းမှုနဲ့ ပတ်သက်မှုရှိတယ် သူတို့ရဲ့မူဝါဒနဲ့အညီ လုပ်ထားတဲ့အတွက်ကြောင့် အသိအမှတ်ပြုဖို့လည်း အပြည့်အဝရှိပါတယ်။ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်လို့ ပြောရင်မှန်ပါတယ်။

မေး။ KSCU က သုံးပွင့်ဆိုင်ဖွင့်ထားတဲ့ကျောင်းလို့လဲပြောကြတယ် ဘယ်သူတွေပါဝင်တယ်ဆိုတာကို ပြောပြပေးလို့ရမလား။

ဖြေ။ ရပါတယ်။ မူဝါဒပိုင်းမှာတော့ NUG အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီဆောင်ရွက်တယ်၊ လက်တွေ့အကောင်အထည်ဖော်မှုမှာကြတော့ ကချင်ပြည်နယ် တက္ကသိုလ်အသီးသီးက CDM ဆရာမတွေနဲ့ လုပ်တာဖြစ်တယ်။  နောက်တစ်ခု ဒီတက္ကသိုလ်က မြေပြင်မှာ တည်ဆောက်တဲ့အတွက်ကြောင့် လွတ်မြောက်နယ်မြေမှာ နေရတယ်၊ တော်လှန်ရေးအစိုးရကနေပြီးတော့ ကျွန်တော်တို့ကို နေရာထိုင်ခင်းတွေ စီစဉ်ပေးတယ် ဆရာဆရာမများရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ပံ့ပိုးပေးထားတာဖြစ်တယ် ကျွန်တော်တို့က အကောင်အထည်ဖော်တဲ့အပိုင်းရယ်၊ မူဝါဒအပိုင်းရယ် ကူညီပံ့ပိုးထောက်ပံ့မှုအပိုင်းရယ် ဒီ ၃ ပိုင်းနဲ့ပေါင်းစပ်လုပ်ဆောင်ထားတာဖြစ်တယ်။

မေး။ ဒီကျောင်းမှာ ဘယ်သူတွေ တက်ရောက်နိုင်မလဲ။

ဖြေ။ KSCU တည်ထောင်ကတည်းက ရည်မှန်းချက် ၁၀ ခုထဲမှာ တစ်ခုက ကချင်ပြည်နယ်နှင့် ထိစပ်ဒေသများရှိပြည်သူလူထုများ အဆင့်မြင့်ပညာရေး အခွင့်အလမ်းများ ဖန်တီးပေးရန် ဆိုပြီးတော့ပါတယ်။ ကျွန်တော်တို့ KSCU ဖွင့်တယ်ဆိုတာက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ပြည်သူလူထုတစ်ရပ်လုံးရဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေကို ဖွင့်ပေးဖို့ဖြစ်တယ်။ ပြည်သူပြည်သား အားလုံးတက်ဖို့အတွက် ဖွင့်ထားတာဖြစ်တယ်။ လောလောဆယ်ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အခြေခံပညာစာမေးပွဲအောင်ပြီးတော့  KSCU ကိုတက်ချင်ရင် လမ်းပေါက်နှစ်ပေါက်ရှိတယ်။ တစ်ပေါက်ကတော့ မြန်မာနိုင်ငံစာစစ်အဖွဲ့လို့ခေါ်တဲ့ မြန်မာအစိုးရစစ်အထက်တန်းအောင်တဲ့သူတွေ တက်ခွင့်ရှိပါတယ်။ ဒါပေမယ့်ချွင်းချက်အနေနဲ့ကတော့ အကြမ်းဖက်အာဏာလုအဖွဲ့ကနေပြီးတော့၂၀၂၂ခုနှစ် မတ်လမှာ ကျင်းပသွားတဲ့ အရည်အသွေးမဲ့ကျင့်ဝတ်မဲ့တွေကို တစ်နည်းအားဖြင့် စစ်ကောင်စီစာမေးပွဲက အောင်လာတဲ့သူတွေကိုတော့ ဘယ်တော့အခါမှ လက်ခံမှာမဟုတ်ဘူး၊ တစ်ခုရှိတယ် သူတို့တက်ချင်တယ်ဆိုရင် KIO အစိုးရရဲ့ ပညာရေးဌာနက စီစဉ်ကြပ်မတ်ပြီး စစ်ဆေးတဲ့ အထက်တန်းစာမေးပွဲကို တစ်ခါပြန်ဖြေပြီးတော့ အဲဒီကရလဒ်ကိုကြည့်ပြီးတော့ လက်ခံမှာဖြစ်တယ်။  နောက်တစ်ခုက KIO အစိုးရရဲ့ ပညာရေးဌာနကနေပြီးတော့ အထက်တန်းအောင်မြင်ထားတဲ့ တဲ့သူတွေက တိုက်ရိုက်တက်လို့ရတယ် နောက်ထပ်စာမေးပွဲတွေ ဖြေစရာမလိုဘူး။ တက္ကသိုလိအကြိုပြင်ဆင်မှုအတန်းတွေကို တက်စရာမလိုဘူး သူတို့နှစ်သက်သာ ပညာရပ်တွေကို တိုက်ရိုက် ပထမနှစ် တက်ရောက်ခွင့်ရှိတယ်။

ကိုဗစ်ကြောင့်သော်လည်းကောင်း ကချင်ပြည်နယ်ဆိုရင် တစ်ကြော့ပြန်စစ်ပွဲကြောင့် ပညာရေးမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေတဲ့သူတွေကို ဆက်တက်နိုင်အောင် စီစဉ်ပေးလို့ မိုင်ဂျာယန်ဒေသက  ဒီပလိုမာတစ်မျိုးမျိုးပြီးထားသူတွေ လုပ်ငန်းခွင်ဝင်သွားသည်ဖြစ်စေ မဝင်ရသေးသည်ဖြစ်စေ သူတို့အနေနဲ့ ဝိဇာသိပ္ပံဘာသာရပ်ကို ဆက်လေ့လာချင်တယ်ဆိုရင် ကျွန်တော်တို့က တတိယနှစ်ကနေဆက်တက်လို့ရအောင် တက်ရောက်ခွင့်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ စနစ်သစ်မှာ ပထမနှစ်မှာ မေဂျာကို အဓိက မစသင်ပဲ  general education  လို့ခေါ်တဲ့ ဝိဇာသိပ္ပံ နယ်ပယ်စုံပညာရပ်တွေသင်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့သင်ယူခဲ့တဲ့ တက္ကသိုလ်မှာ general eduction နဲ့သက်ဆိုင်တဲ့ဟာတွေ ပါလာပြီးသားမို့ သူတို့က ဒီပထမနှစ်သင်တန်းကို တက်စရာမလိုဘူး။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင် ၃ ခုရှိတယ် KIO အစိုးရ ပညာရေးဌာနကနေ အခြေခံအတန်းအောင်တဲ့သူ အကုန်လုံးတက်ခွင့်ရှိတယ် နောက်တစ်ခုက တစ်ကြော့ပြန်စစ်ပွဲကြောင့် ပညာရေးရပ်တန့်နေတဲ့သူတွေ ရောက်ရှိတဲ့အတန်းကနေပြီးတော့ တက်လို့ရတယ်။ နောက်တစ်ခုက KIO အစိုးရရဲ့ အဆင့်မြင့်ပညာရေး ဒီပလိုမာ ပြီးထားတဲ့သူတွေ သူတို့နှစ်သက်ရာ ဝိဇာပ္ပံပညာရပ်တွေကို တတိယနှစ်ကနေတက်လို့ရတယ်၊ ဒီ ၃ ခုကတော့ လက်ရှိကျင့်သုံးနေတဲ့ ပညာရေးဆိုင်ရာ မူဝါဒနဲ့ အခွင့်အလမ်းတွေ ဖြစ်တယ်။

မေး။ ဘယ်ဘာသာရပ်တွေကို ဘယ်ကဆရာတွေ သင်ကြားပေးနေပါသလဲ။

ဖြေ။ လောလောဆယ်ကျွန်တော်တို့က ပညာရပ်စုံတက္ကသိုလ်လို့ ပြောပေမယ့်လည်း ဝိဇာသိပ္ပံပညာရပ်ကိုပဲ စပြီးတော့ သင်ကြားပေးနိုင်သေးတယ်။ မရှေးမနှောင်းမှာပဲ တစ်ခြားဘာသာရပ်တွေကို သင်ကြားပေးဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိလိုအပ်ချက်က ကျွန်တော်တို့ သိပ္ပံဓတ်ခွဲခန်းတွေ မရှိသေးတော့ တစ်ခြားဘာသာရပ်တွေ သင်ဖို့အခက်အခဲရှိနေသေးတယ်။ တစ်ခြား အသက်မွေးဝမ်းကြောင်းအတတ်ပညာအတွက် ဆက်နွယ်တဲ့ဘာသာရပ်တွေက ဓတ်ခွဲခန်းတို့ အလုပ်ရုံတို့ လိုအပ်တယ်။ ဒါတွေကို ဖန်တီးဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရဦးမယ်။  ဒါပြီးတာနဲ့ အဲဒီဟာတွေကို ဆက်ဖွင့်သွားမှာ ဖြစ်တယ်။

မေး။ လူတွေ့သင်ကြားတာနဲ့ အွန်လိုင်းကနေသင်ကြားတာတွေကဘယ်လိုရှိသလဲ။

ဖြေ။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး မြစ်ကြီးနားတက္ကသိုလ်ကောင်စီအနေဲ့ ကြားကာလ အွန်လိုင်းကနေ ကိုယ်တိုင်သင်ယူမှုကို ဖွင့်ခဲ့ဖူးတယ်။ အခက်အခဲတွေ အများကြီးကြုံတွေ့ရတယ်။ အွန်လိုင်းပေါ်မှာ ၁၀၀ ရာခိုင်နှုန်း အတွေ့အကြုံမရှိတဲ့အတွက်ကြောင့် အခက်အခဲဖြစ်တယ်။ ပို့ချတဲ့ဆရာတွေလည်း အရမ်းအခက်အခဲဖြစ်တာကို တွေ့ရတယ်၊ သူတို့ရဲ့ပို့ချချက်ကိုလည်း အားရကျေနပ်မှု မရှိဘူး။ ထိုနည်း၎င်း ကျောင်းသားတွေမှာလည်း အလားတူခံစားချက်တွေရှိကြတယ်။ စစ်ကောင်စီကနေပြီးတော့ စစ်ကိုင်းတိုင်းဘက်မှာ အင်တာနက်တွေဖျက်လိုက်တော့ မြစ်ကြီးနားတက္ကသိုလ်ကကျောင်းသားတွေက စစ်ကိုင်းတို့ တနိုင်းတို့ မိုးကောင်း ဖားကန့် ဒီလိုနေရာတွေမှာ ရှိတဲ့သူတွေက အင်တာနက်မရတော့ သင်တန်းတွေ တက်လို့မရဘူး ဖြစ်သွားတယ်။ ကျွန်တော်တို့က နောက်တစ်ခါ ဖုန်းဒေတာတွေက ဈေးတက်သွားတော့ မြို့ပေါ်ကသူတွေတောင် တက်ဖို့ခဲယဉ်းသွားတယ်။ အဲဒီအခါမှာ ကျောင်းသားတွေဆီက သော်လည်းကောင်း ပတ်ဝန်းကျင်ကသော်လည်းကောင်း ဝေဖန်ချက်လေးတစ်ချက်ဝင်လာပါတယ်။ ဘာလဲဆိုတော့ လူတိုင်းလက်လှမ်းမမှီတဲ့ အပေါယံရေပေါဆီ အထက်တန်းလွှာတွေအတွက်ပဲ ဦးတည်တဲ့ပညာရေးမျိုးကို မလုပ်ပါနဲ့ဆိုလို့ ဝေဖန်ထောက်ပြလာတာမျိုးတွေရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီဟာကို သင်ခန်းစာ ယူပြီးတဲ့အခါမှာ  KSCU ကိုဖွင့်တဲ့အခါ အွန်လိုင်းကို အားမထားတော့ဘူး၊ အွန်လိုင်းကို အခြံအရံအနေနဲ့ပဲ သွားတော့မယ်။ မလွဲသာမရှောင်သာ ကျန်တဲ့လုပ်ငန်းအားလုံးကို သမရိုးကျအတိုင်းပဲ လုပ်သွားတော့မယ်။ အချိန်သတ်သတ်မှတ်မှတ် နေရာသတ်သတ်မှတ်မှတ်နဲ့  သင်ကြားသင်ယူခြင်းလုပ်ဖို့ စီစဉ်နေပါတယ်။ အွန်လိုင်းမသုံးတော့တာတော့ မဟုတ်ဘူး ဒါပေမယ့် အွန်လိုင်းသုံးတာသည် မြေပြင်သင်တန်းတွေကို အစားထိုးဖို့ မဟုတ်ဘူး။ ပိုပြီးကောင်းအောင် အရည်အသွေးဖြည့်ဖို့ပဲ။

မေး။ ကျောင်းကို ဘယ်အတိုင်းအတာထိ ရည်မှန်းထားလဲ။

ဖြေ။ အစတုန်းက  Kachin State University ဆို့ပြီးအရင်လုပ်တယ်၊ ဘယ်ကို စံနမူနာယူထားလဲဆိုတော့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဖယ်ဒရယ်ပြည်နယ်တစ်ခုချင်းစီမှာ State University တစ်ခုချင်းစီပိုင်ကြတယ်။ ဒါဘာအဓိပ္ပါယ်လဲဆိုတော့ ပြည်နယ်တစ်ခုရဲ့ သူ့ဒေသမှာရှိတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဖို့ သူ့မှာရှိတဲ့ လူသားအရင်းအမြစ် ဥပမာအားဖြင့် ဒီပြည်နယ်ထဲမှာ နောက်လာမယ့် ၅ နှစ်မှာ ဆေးဘက်ပညာရှင် ဘယ်လောက်မွေးထုတ်မယ်ဆိုတာ အိုင်တီပညာရှင်တွေ ဘယ်လောက်မွေးထုတ်မယ် ဒါမျိုးတွေရှိကြတယ်။  ပြည်နယ်အစိုးရအတွက လူ့စွမ်းအားအရင်းအမြစ်ပြည့်ဝအောင် အကောင်အထည်ဖော်ပေးရတာက State University တွေဖြစ်တယ်။ ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ်ကြီးကလဲ အနာဂတ်ကချင်ပြည်နယ် ဒေသအစိုးရရဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်တွေကို တိုက်ရိုက်ဖြည့်ဆည်းပေးဖို့အတွက် တည်ထောင်ထားတာဖြစ်တယ်။ ကချင်ပြည်နယ်ရဲ့ အဓိကအားကိုးအားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်ကြီး ဖြစ်ရမယ် ဒါကပထမရည်မှန်းချက်။ ဒီထက်ပိုပြီးချဲ့မယ်ဆိုရင်  မြန်မာနိုင်ငံမြောက်ပိုင်းဒေသရဲ့  ပြည်သူလူထုတစ်ရပ်လုံး အားကိုးအားထားရတဲ့ တက္ကသိုလ်ကြီးတစ်ခု ဒါက ဒုတိယရည်မှန်းချက်ပေါ့ တတိယအဆင့် အနေနဲ့ လာမယ့် ၁၀ နှစ်အတွင်း အရှေ့တော်ငအာရှတန်းဝင်တဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်ဖို့ ဖြစ်တယ်။ ၂၀၂၃ ဩဂုတ်လပိုင်းလောက်ရောက် နိုင်ငံတစ်ကာအဆင့်အတန်းမှီတဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်အောင်လုပ်သွားဖို့ရှိပါတယ်။ နိုင်ငံတစ်ကာအဆင့်တက္ကသိုလ်တစ်ခုဖြစ်အောင် ရည်မှန်းပြီးတော့ လုပ်ဆောင်သွားမှာဖြစ်တယ်။

မေး။ အခုလောလောဆယ်နိုင်ငံတစ်ကာနဲ့ ချိတ်ဆက်မှုက ဘယ်လိုရှိသလဲ။

ဖြေ။ နိုင်ငံတစ်ကာနဲ့ ချိတ်ဆက်မှုတော့မရှိသေးဘူး။ ကျွန်တော်တို့က NUG အစိုးရနဲ့ချိတ်ဆက်ပြီးလုပ်တာဖြစတယ် NUG အစိုးရက နိုင်ငံတစ်ကာနဲ့ သံတမန်ရေးရာအရ ဆက်စပ်မှုရှိပေမယ့် စီးပွားရေး ပညာရေးအရ ဆက်စပ်မှုမရှိသေးဘူး။ သူတို့ရှိလာတဲ့တစ်နေ့ကြရင် ကျွန်တော်တို့လည်း ရှိလာမှာဖြစ်တယ်။ အခုတော့ သံသမန်ရေးရာအဆင့်ပဲရှိသေးတော့ အစိုးရကိုကျော်လွန်ပြီးတော့ လုပ်လို့မရတဲ့အပိုင်းတော့ရှိတာပေါ့။

မေး။ ဘယ်အချိန်ကနေစဖွင့်တယ် ဘယ်အဆင့်ထိရှိပြီလဲဆိုတာကို ပြောပြပေးပါ။

ဖြေ။ KSCU ကို စတင်တည်ထောင်တာက  ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့ဖြစ်ပြီး စဖွင့်တာက ၂၀၂၂ ခုနှစ် စက်တင်ဘာလ  ၁၂ ရက်နေ့ဖြစ်တယ်။ ဖွင့်တာ တစ်ပတ်ကျော်သွားပြီ။ ကျွန်တော်တို့ဖွင့်တာနဲ့ သင်ကြားရေးတစ်ထပ်တည်းဖြစ်တယ် ဖွင့်လည်းဖွင့် သင်လည်းသင် KSCU ရဲ့သင်ကြားရေးလုပ်ငန်းတွေက စပြီး အသက်ဝင်နေပါပြီ။

မေး။ ကျောင်းသား ဘယ်နှစ်ယောက် တက်ရောက်နေပြီလဲ။

ဖြေ။ ကျောင်းသားတွေက လျှောက်လွှာတွေယူသွားပြီး ပြန်မလာသေးတာ ရှိတယ်။ တစ်ချို့က ဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့် အခွင့်မရသေးတာလဲပါမယ်၊ တစ်ချို့က ရပ်ဝေးဖြစ်တဲ့အတွက်ကြောင့် နေစရာစီစဉ်တာလည်းပါမယ်။ လျှောက်လွှာတွေယူသွားတဲ့ အကုန်လုံးဆိုရင် ရာကြီဂဏန်းလောက်ရှိတယ်။

မေး။ နောက်ဆုံးအနေနဲ့ KSCU နဲ့ပတ်သက်ပြီး ပြောစရာများကို ပြောပြပေးပါ။

ဖြေ။ KSCU က ကချင်ပြည်နယ်နဲ့ ထိစပ်ဒေသများမှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းတွေကို လမ်းဖွင့်ပေးဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်။ ဒီလိုအခွင့်အလမ်းမျိုးကလည်း စစ်အာဏာသိမ်းလိုက်တဲ့အခြေအနေမှာ အကြောင်းပြုပြီး ဒီအခွင့်အလမ်းမျိုးပေါ်လာတာဖြစ်တယ်။ ဒီလိုအခွင့်အလမ်းကို မျှော်လင့်ခဲ့တာ ၁၀ စုနှစ်ကျော်နေပြီး တစ်ခါမှလည်း မရခဲ့ဘူး။ အခုလိုအခွင့်အလမ်းရတဲ့အချိန် အခွင့်အရေးကို လက်လွတ်မခံစေချင်ဘူး။ အနာဂတ်မှာလည်း ကျွန်တော်တို့ပြည်နယ်ကို သယံဇာတမှာ မမှီခိုတာထက်စာရင် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ပြည်နယ်ဒေသမြန်မာနိုင်ငံမြောက်ပိုင်းကို ပြန်လည်ထူထောင်ဖို့ အာသီတရှိကြတယ်။ ငွေထက်စာရင် ပိုတန်ဖိုးရှိတဲ့ ပိုနက်နဲတဲ့ ရေရှည်အသုံးခံတဲ့ပညာကို လူငယ်တွေအနေနဲ့ရှာဖို့ KSCU အနေနဲ့လမ်းဖွင့်ထားပါတယ်။ လာအသုံးပြုပြီး မိမိဘဝမြင့်တင်ကြဖို့ တိုက်တွန်းလိုပါတယ်။

Show More

Related Articles

Back to top button