သတင်း

မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ

ကချင်ပြည်နယ် မိုးညှင်း နှင့် မော်ဟန်ကြား ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများသည် ခရီးသည်ယာဉ်၊ ကုန်တင်ကားများနှင့် ဆီဘောက်ဆာ ကားများကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်မှစတင်ကာ မိုးညှင်းမြို့တွင်းမှ ဆင်းလာသော အင်အား ၅၀ ကျော်ပါဝင်သော စစ်ကြောင်းသည် မိုးညှင်းမြို့နှင့် မော်ဟန်ကြား မထင်မှတ်သည့် နေရာများတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့ ခရီးသွားခဲ့သည့် မော်ဟန်ပြည်သူတစ်ဦးက KNG ကို ပြောသည်။

”သုံးရက်လောက်တော့ရှိပြီ။ သူတို့ကင်းပုန်းဝပ် နေတာက မိုးညှင်း မော်ဟန်လမ်းပိုင်းမှာပေါ့ နေရာ အတည်တကျကမရှိဘူး။ သူတို့ပေါ်လာချင်တဲ့ နေရာမှာပေါ်လာပြီး မထင်ရင်မထင်သလိုလိုက် စစ်တာ။ ဒီနေ့ မော်ဟန်နားဆို နောက်နေ့က မိုးညင်းဘက်ကိုရောက်ရင်ရောက်သွားတာ။ ကင်းပုန်ဝပ်ပြီးစစ်တာ သူတို့ရှိလို့ရှိနေမှန်မသိသာဘူးပေါ်လာမှသိတာ အင်အားများတယ် ၅၀ ကျော်လောက်ရှိတယ်။” ဟု အမည်မဖော်လိုသော ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

မိုးညင်း နှင့် မော်ဟန်သည် ၁၂ မိုင်အကွာအဝေးရှိပြီး စစ်ကောင်စီတပ်သည် ၅ မိုင်နှင့် ၉ မိုင်ကြားတွင် အများဆုံး ကင်းပုန်းဝပ်လျက်ရှိကြောင်း သိရသည်။

”သူတို့က ဂိတ်ထိုင်တာမျိုးလည်းမဟုတ်ဘူး ဝါးတားဂိတ်လိုမျိုးလုပ်ပြီးစစ်တာမဟုတ်ဘူး။ ကားလမ်းပေါ်တက်လာပြီး ပိတ်ဆို့တားစီးပြီးစစ်တာမျိုးဗျ။ ဘယ်နေရာမှာပေါ်လာပြီးဘယ်လိုစစ်မလဲပေါ့ ဆိုင်းကယ်တွေမစစ်ဘူးကားတွေပဲ။ ဘယ်သွားမလဲမေးတယ် ဘယ်ကဘာလာလဲ ပစ္စည်းတွေစစ်တယ် ဘာကိစ္စနဲ့သွားမှာလဲပေါ့မေးတယ်။ သူတို့မသက်ကာရင်တော့ အရမ်းစစ်တယ်” ဟု ကိုယ်တိုင်ကြုံခဲ့သည့် နောက်ထပ် ခရီးသွား ပြည်သူတစ်ဦးက KNG ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင်လည်း စစ်ကောင်စီတပ်များသည် မိုးညှင်း-မော်ဟန်-နန့်စီးအောင် ကားလမ်းပိုင်းတွင် ဝါးတားဂိတ် ၄ခုပြုလုပ်ကာ စစ်ဆေးမှုတင်းကြပ်ခဲ့ပြီး ပြည်သူကာကွယ်ရေးတပ်များကလည်း သွားရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အဆိုပါဂိတ်များကို ရုပ်သိမ်းသွားသည်။

လက်ရှိ ကချင် စစ်ကိုင်းအစပ်ဒေသဖြစ်သော မိုးညှင်း၊ ကသာ နှင့် အင်းတော်မြို့နယ်များတွင် စစ်ကောင်စီတပ်များ လှုပ်ရှားမှု ပုံမှန်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များဖြင့် ပစ်ခတ်မှုများလည်း ရှိနေသည်ကို တွေ့ရပါသည်။

Show More

Related Articles

Back to top button