လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နမ္မတူ ကချင်ကျေးရွာတစ်ခုကို စစ်ကောင်စီတပ် ဝင်မွေပြီး ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရသော ဆင်လီကောင်ရာကျေးရွာတွင် စစ်ကောင်စီတပ်မှ တရွာလုံးဝင်မွေပြီးနောက် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကာ၊ ပြည်သူပိုင်ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့ကြား နမ္မတူမြို့နယ်တွင် တိုက်ပွဲပြင်းထန်လာသောကြောင့် ဒေသခံများစစ်ရှောင်သွားပြီးနောက် ကျေးရွာတွင်ဝင်ရောက်ခဲ့သော ကျေးရွာဖျက်ဆီးခံရခြင်း၊ ပြည်သူပိုင်ပစ္စည်းများ မီးရှို့ခံရခြင်းနှင့် ရေလှောင်ကန်တွင် ပေါင်းသတ်ဆေးခတ်ခံရခြင်းတို့ ရှိခဲ့ကြောင်း ကျေးရွာသို့ ပြန်လာကြည့်ခဲ့သော ဆင်လီကောင်ရာ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

စစ်တပ်က ရွာထဲ ရစရာမရှိအောင် ဖျက်ဆီးလိုက်ထားတာ၊ နေအိမ်တခုလုံးဝင်မွေပြီး တန်ဖိုးရှိ ပစ္စည်းတွေက တစ်ခုမှ မကျန်တော့ဘူး။ အားလုံး ရှုတ်ရှက်ခတ် ပွစိလှန်နေအောင် လုပ်စုပ်ထားပေးတယ်။ ကြက်၊ ဝက်၊ နွားတွေကိုလည်း သတ်လိုသတ်စား၊ ဖျက်လိုဖျက်ဆီးပြီး ရေတွင်းမှာလဲ ဓာတုမြက်သတ် ဖြန်းဆေးတွေ ထည့်ပေးထားတယ်။ အစုံပဲ ဖျက်ဆီးထား ပေးတယ်။” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူ ကချင်ကျေးရွာတစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး

ထို့အပြင် ရွာသားများ စျေးသွား စျေးပြန် အသုံးပြုလုပ်လျက်ရှိသော ကား ၂ စီးနှင့်အတူ ကားပေါ်တွင် တင်ဆောင်ထားသော ကုန်ပစ္စည်းများ၊ ပြည်သူပိုင် ဆိုင်ကယ် ၃ စီး စသည့်တို့ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ရေလှောင်ကန်များတွင် အဆိပ်ဖြစ်စေသော ဆေးဖြန်းဘူးများ လောင်းထည့်ထားသောကြောင့် ကျွဲ၊ နွားတချို့ သေဆုံးနေသည်ကိုလည်း ရွာထဲသွားရောက်ကြည့်ရှုစဉ် တွေ့ရကြောင်း ဆင်လီကောင်ရာ ဒေသခံတစ်ဦးက ပြောသည်။

ရွာခံအမျိုးသားတချို့ ရွာထဲ ခဏသွားကြည့်ရှုတဲ့အခါမှာတော့ ယောက်ျားသား ဖြစ်နေရင်တောင် အရမ်းစိတ်မကောင်းဖြစ်ပြီး မျက်ရည်မျက်ခွက်နဲ့ အရမ်းခံစားရတယ်။ ရွာထဲ ဖြစ်ပျက်နေတာကိုလိုက်ကြည့်ပြီး ပြန်လာနေချင်စိတ်တောင်ပျောက်တယ်။ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့မှစပြီး စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေထဲသို့ ထိုးစစ်ဆင် ဝင်ရောက်လာသည့်အပြင် နမ္မတူမြို့ စစ်တပ်ဗျူဟာကုန်းမှ ပစ်ကူသော လက်နက်ကြီးများသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် မန်ဂျတ်၊ ဆင်လီကောင်ရာ နှင့် ကုန်းကယား စသည့် ကျေးရွာ ၃ ခုမှ ဒေသခံများ နီးစပ်ရာ မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သို့သော်လည်း ကုန်းကယား ပလောင်ဒေသခံ စစ်ရှောင်များမှာ ပြီးခဲ့သည့်အပတ်တွင် နေရပ်ပြန်ကြပြီး ကျေးရွာအတွင်း ဖျက်ဆီးထားမှုများ မရှိကြောင်း ဆက်လက်သိရသည်။

ယခုချိန် စစ်ကောင်စီတပ်မှ အင်အားအမြောက်အများဖြင့် နမ္မတူမန်တုံ ကားလမ်းမတစ်လျှောက် ကျေးရွာတချို့တွင် တပ်စွဲနေသောကြောင့် မန်ဂျတ်ကျေးရွာ ဒေသခံစစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း အထက်ပါ ဆင်လီကောင်ရာ ဒေသခံတစ်ဦးက ပြောသည်။

လူနေအိမ်အတွင်း တစ်စစီရိုက်နက်ဖျက်ဆီးခဲ့သည့် မြင်ကွင်း

တိုက်ပွဲကြောင့် ဒီလိုဖြစ်ရတာတော့ နားလည်တယ်။ ဒါပေမဲ့ ကျနော်တို့ အပြစ်မဲ့ ဒေသခံပြည်သူများရဲ့ လူ့အခွင့်အရေးကို အရမ်းထိပါး ချိုးဖောက်စေတာကတော့ ပြည်သူတွေအနေနဲ့ လုံး၀ရှုံ့ချ ကန့်ကွက်တယ်။ ဒီလိုမျိုး ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေကိုလည်း ပိုပြီးနိုင်ငံတကာသိအောင် ဖော်ပြချင်တယ်။ နောက်နောင် ဘယ်နေရာပဲဖြစ်ဖြစ် ဒီလိုမျိုး လုပ်ရပ်တွေမလုပ်ရင် ပိုကောင်းလိမ့်မယ်လို့ ပြောချင်တယ်။” ဟု ပြောသည်။

ဆင်လီကောင်ရာ ကျေးရွာသည် နမ္မတူမြို့မှ ၁၈ မိုင်ခန့်အကွာတွင်တည်ရှိပြီး အိမ်ခြေ ၃၀ ကျော်နှင့် ကချင်တိုင်းရင်းသားများ သီးသန့်နေထိုင်သော ကျေးရွာတစ်ခု ဖြစ်ကြောင်းသိရသည်။

နမ္မတူမြို့နှင့် မန်တုံမြို့များတွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေသည်မှာ ယနေ့ထိဖြစ်သည်။

Show More

Related Articles

Back to top button