သတင်း

စစ်ဘေးရှောင်ရင်း ဒေသခံ ၂ဦးမြွေကိုက်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဘေးလွတ်ရာတောဘက်သို့ ထွက်ပြေးတိမ်းရှောင်းခဲ့ရသည့် ဒေသခံ ၂ဦး မြွေကိုက်ခံမှုကြုံတွေ့ခဲ့ရကြောင်းသိရသည်။

မြွေကိုက်ခံရသူ ဒေသခံ ၂ဦးသည် အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ကြပြီး စစ်ဘေးရှောင်တိမ်းရင်း လမ်းခုလပ်တစ်နေရာတွင် မြွေကိုက်ခံရကာ အသက်အန္တရာယ်စိုးရိမ်ရသည့်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦး ယခုလိုဆိုသည်။

ဒေသခံ ၂ယောက်ပိုးထိတာ နေရာတော့မတူဘူး။ တစ်ယောက်ကတော့ မြွေဆိပ်ဖြေဆေးသုံးလုံးထိုးထားတယ်။ သူကတော့ ဆီးစစ်တာရောသွေးစစ်တာရောအဆင်ပြေပါ။ အသက်မပြည့်သေးတဲ့ကလေးကတော့ သွေးစစ် ဆီးစစ်တဲ့အခါမှာ ကျောက်ကပ်ထဲမှာ အဆိပ်ရောက်နေတယ်လို့အဖြေရတယ်။ ပြီးရင်ဆီးထဲမှာသွေးတွေပါလာတဲ့ အနေအထားဆိုတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်ဟုပြောသည်။

လက်ရှိတွင် မြွေကိုက်ခံရသည့် ဒေသခံ ၂ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက် ဒေသခံ ကျန်းမာရေးဝန်ထမ်းများထံသို့လွှဲပြောင်း ကုသမှုခံယူနေရကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ကျေးရွာအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာခဲ့သောကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ယခုလို မြွေကိုက်ခံရမှုကြုံခဲ့ရခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များပြောဆိုသည်။ 

ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုများရှိနေသဖြင့် ဒေသခံပြည်သူများ မကြာခဏ ဆိုရသလို မြွေကိုက်ခံရမှုကြုံတွေ့နေရပြီး လက်ရှိတွင် ဒေသခံ ၂၀ ကျော်ခန့်က မြွေကိုက်ခံမှုကြုံတွေ့ရကာ သေဆုံးမှု ၂ဦးအထိရှိခဲ့ပြီဟု သိရသည်။

Show More

Related Articles

Back to top button