သတင်း

ချီဖွေမြို့နယ်သို့ စားသောက်ကုန်များတင်ပို့ရန် ကန့်သတ်ခံထားရသဖြင့် ဒေသခံများအခက်ကြုံတွေ့နေ

ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်မြို့နယ် ချီဖွေမြို့သို့ အခြေခံစားသောက်ကုန်များသယ်ယူရန် စစ်ကောင်စီက ကန့်သတ်ထားသောကြောင့် ဒေသတွင်း အစားအသောက် ဝယ်ယူရာတွင် ပိုမိုခက်ခဲလာသည်ဟု ဒေသခံများ ပြောသည်။

မြစ်ကြီးနားမှ ချီဖွေသို့တက်လာသော ကားလမ်းမကြီးပေါ် စစ်တပ်နှင့် ပြည်သူ့စစ်ဂိတ် ၃ နေရာရှိပြီး ထိုနေရာတွင် ကန့်သတ်ထားသော ကုန်ပစ္စည်းများတင်ဆောင်လိုပါက ငွေကြေးပေးဆောင်ရသောကြောင့် ချီဖွေမြို့သို့ ရောက်လာသောအခါ ကုန်စျေးနှုန်း အဆမတန်မြင့်တက်သွားသည်ဟု ချီဖွေဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောသည်။

ကျနော်တို့ ပြည်သူတွေစားသုံးဖို့အတွက်တောင် သယ်ယူဖို့အရမ်းခက်ခဲတယ်။ ဆန်အိတ်တွေဆို တစ်အိတ်ထက်ပိုပြီး သယ်ခွင့်မရှိဘူး။ ပိုက်ဆံတတ်နိုင်တဲ့သူလောက်ပဲ သယ်ယူနိုင်ကြသလိုဖြစ်နေတယ်။ ဒီမှာ ရောက်တော့ ၂ ဆ ၃ ဆ လောက် စျေးမြင့်သွားပြီ။ ကျနော်တို့မှာ အဲ့ဒါပဲဝယ်စားနေရတယ်။ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေအတွက်ဆို အရမ်းခက်ခဲ တယ်” ဟုပြောဆိုသည်။

ယခုလို စစ်တပ်ဘက်မှ ချီဖွေဒေသဘက်သို့ အခြေခံစားသောက်ကုန်များ သယ်ယူခွင့် ကန့်သတ်ပိတ်ဆို့ထားခြင်းမှာ ဆန်နဲ့ ရိက္ခာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA သို့ ရောက်ရှိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု အထက်ပါ ချီဖွေဒေသခံတစ်ဦးက ဆက်လက်ပြောဆိုသည်။

သူတို့ဘာလို့ အဲ့လိုလုပ်ထားလဲဆိုတော့ KIA အဖွဲ့ကို သယ်ယူပို့ဆောင်ပေးမှာထင်လို့ပိတ်ထားတာ။ သူတို့ရဲ့ လုပ်ပုံက ဒေသခံတွေငတ်ပြတ်သွားရင်လည်း သူတို့ရဲ့အမြင်ထဲမှာက KIA ကိုသယ်ပို့ပေးမှာပဲ အဲ့လိုပဲမြင်ကြတယ်။ ဒီဟာ ဖြစ်လာတာက ၂၀၁၂ ခုနှစ်လောက်ကနေဟုတ်တယ်။ ဒါပေမယ့် ဒီ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ပိုဆိုးသွားတယ်။ အရင်တုန်းကဆို သိပ်မစစ်ဘူး မေးတာလောက်ပဲ လုပ်ကြတယ်။ အခုက ကြိုက်သလို စစ်တယ်” ဟု ဆိုသည်။

စစ်တပ်ဂိတ်များဖြစ်ကြသည့် ချီဖွေနှင့် ဆဒုံးလမ်းခွဲ စုပေါင်းဂိတ်တစ်နေရာ၊ ရှငေါ်ဂိတ်နှင့် မန်ဝိန်း ပြည်သူ့စစ်ဂိတ် စသည့် ဂိတ် ၃နေရာတွင် အခြေခံစားသောက်ကုန်များ ဆန်၊ ဆီ၊ ဆား၊ ဘီယာနှင့် ဘိလပ်မြေ တို့ကို အဓိက သယ်ယူခွင့် ကန့်သတ်ထားကြောင်း သိရသည်။

ထိုဂိတ် ၃ နေရာတွင် ကန့်သတ်ထားသည့် ပမာဏထက်ကျော်လွန်ပြီး သယ်ဆောင်လာပါက ဆန်တစ်အိတ်တွင် ၅ ထောင်ကျပ် ပေးဆောင်နေရပြီး ပြည်သူတစ်ဦးမှာ တစ်ကြိမ်တွင် သယ်ယူခ ၃ သောင်း အထက် ပေးဆောင်နေရသည်ဟု သတင်းအရင်းအမြစ်က ပြောဆိုသည်။

လက်ရှိ ချီဖွေမြို့တွင် စားသုံးကုန် သယ်ယူနိုင်သူများသည် စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူများသာဖြစ်သည်ဟု ဆိုသည်။

ချီဖွေမြို့နယ်သို့ စားသောက်ကုန် သယ်ဆောင်ခွင့် ကန့်သတ်ခံရခြင်းသည် ချီဖွေမြို့မှ ထပ်ဆင့် ရိက္ခာပြန်လည်သယ်ယူနေရသော ဆော့လော်နှင့် ချန်းမောခုန်း ဒေသဘက်တွင်လည်း သက်ရောက်မှုရှိနေသည်ဟု သိရသည်။

ချီဖွေမြို့နယ်တွင် ဆန်တစ်အိတ် ၇ သောင်း ဝန်းကျင်အထိ ပေးဝယ်နေရပြီး ဆော့လော်နှင့် ချန်းမောခုန်းဒေသတွင် ဆန်တစ်အိတ် တစ်သိန်းဝန်းကျင်အထိရှိသည်ဟု သိရသည်။

ချီဖွေ၊ ဆော့လော်နှင့် ချမ်းမောခုန်းဒေသတို့သည် လမ်းပန်းဆက်သွယ်ရေး နှင့် ဖုန်းလိုင်းများခက်ခဲနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button