တိုက်ပွဲသတင်း

KIO အထိမ်းအမှတ်နေ့ တေးဂီတပွဲပြုလုပ်နေစဉ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသဖြင့် ထိခိုက် သေဆုံးမှု များပြား

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ဖားကန့်တွင် KIO အထိမ်းအမှတ်နေ့ ပွဲကျင်းပနေစဉ် စစ်ကောင်စီမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပွဲသွားရောက်ပါဝင်သော အနုပညာရှင် နှင့် ပြည်သူ ၃၀ ကျော် ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ကျရောက်သော ၆၂ နှစ်ပြည့် KIO နေ့အထိအမှတ်အဖြစ် အောက်တိုဘာလ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်တွင် KIA တပ်မဟာ ၉ အနန့်ပါ (A Nang Pa) တွင် တေးဂီတဖြင့် ပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG ကို ပြောသည်။

“ဂျက်လေယာဉ် ၃ စီးနဲ့လာပစ်သွားတယ်။ မနက်ဖြန်ပြုလုပ်မယ့် KIO နေ့အတွက် အကြိုပွဲအနေနဲ့ စတိတ်ရှိုးပွဲလုပ်နေတဲ့အချိန်အတွင်းမှာပဲ ပစ်ခံရတာ။ ထိခိုက်သေဆုံးတာများတယ်။ စာရင်းအတိအကျ မရနိုင်သေးဘူး” ဟု ပြောဆိုသည်။

ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားသည့် ပြည်သူ ၃၀ ကျော်ထဲတွင် ကချင်အနုပညာရှင်အသင်းမှ ကချင်တေးသံရှင်ကြီး အော်ရာလီ (Aurali) သီချင်းသီဆိုနေသည့်အချိန်တွင် ဗုံးကျဲတိုက်ခိုက်ခံရသည့်အတွက် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။

“စစ်တပ်က ကျနောတို့ အတွက် မိတ်ဆွေမဟုတ်ဘူး ရန်သူသာဖြစ်တယ် ဆိုတာကို ကွင်းကွင်းကွက်ကွက်မြင်ရတယ်။ အခုလို ပွဲလုပ်နေတဲ့အချိန်အတွင်း ဗုံးကျဲတိုက်ခိုက်တာက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်။ ဒါကလုံးဝမဖြစ်သင့်ဘူး” ဟု ဖားကန့် ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။

ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားသူများစာရင်းတွင် KIA အရာရှိအချို့ပါဝင်သည်ဟုဆိုသော်လည်း လုံခြုံရေးအရ မပြောနိုင်သေးကြောင်း ဖားကန့်ဒေသခံတစ်ဦး ပြောသည်။

ပွဲပြုလုပ်ခဲ့သောနေရာမှာ ဖားကန့် ကံဆီး (Ginsi) ကျေးရွာနှင့် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု သိရသည်။

Show More

Related Articles

Back to top button