ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်များတွင် စစ်ကောင်စီတပ်က စစ်လေယာဥ်သုံးပြီး ဗုံးကျဲတိုက်ခိုက်မူ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ သိရသည်။
ယခင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နည်းပါးခဲ့သော်လည်း ယခုလမှစတင်ကာ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။
”ဒီအင်းတော်နယ်မှာတော့ အရင် ၂၀၂၁ ခုနှစ်ကတစ်ကြိမ်ပဲ။ လေကြောင်းသုံးတိုက်ခိုက်ခဲ့တာ အဲ့နောက်ပိုင်းမရှိဘူး ဒါပေမယ့် ဒီ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ ကနေစပြီးလေကြောင်းပြန်သုံးလာတယ်ဗျ ဒီသုံးရက်ထဲမှာကိုနှစ်ကြိမ်ရှိပြီ ၁၈ ရက်နေ့က အင်ပင်နဲ့ အောင်းကုန်းကိုဗုံးကျဲတယ် ၂၀ ရက်နေ့ကတော့ နန့်သာရွာကို ဗုံးကျဲတယ်”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကိုပြောသည်။
အောက်တိုဘာ ၁၈ရက်နေ့ အောင်းကုန်းနှင့် အင်ပင်ကျေးရွာမှ လူနေအိမ်လေးလုံး၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နန့်သာကျေးရွာမှ ကုန်စုံဆိုင်တစ်ဆိုင်နှင့် လူနေအိမ်သုံးလုံးခန့် သည် လေယာဥ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုလည်းရှိခဲ့ကြောင်း သိရသည်။
အလားတူ ဗန်းမောက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား အောက်တိုဘာလ ၄ရက်နေ့မှ ၁၁ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးမူရှိသလို စစ်တပ်ဘက်မှလည်း ထိခိုက်ကျဆုံးမူများကြောင်း သိရသည်။
ထို့အပြင် ယနေ့နေ့လည် ၁နာရီဝန်းကျင်တွင်လည်း ဗန်းမောက်မြို့နယ် ကြောင်လည်ရွာ ဆေးရုံဝင်း၊ ဝန်ထမ်း အိမ်ယာများတွင် စစ်လေယာဉ်နှင့် ၂ ကြိမ်တိတိ ဗုံးကြဲသွားသည်ဟု Banmauk Revolution မှ ထုတ်ပြန်ထားသည်။
ယခင်က တိုက်ပွဲအထိနာမှသာ လေကြောင်းအသုံးပြုတတ်သော်လည်း ယခုနောက်ပိုင်းတွင် ထိုးစစ်မစတင်ခင် လေယာဉ်ဖြင့် ကြိုတင်ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
”ဒီနောက်ပိုင်း သူတို့က တိုက်ပွဲမဖြစ်ပဲ လေကြောင်းကို သိသိသာသာသုံးလာတယ် သိရသလောက် အခု နန့်သာရောက်နေတဲ့ အင်အား ၅၀ လောက်ပါတဲ့စစ်ကြောင်းကိုလမ်းရှင်းဖို့တွက်လေကြောင်းသုံးတာလို့ယူဆရတယ် အရင်နေ့ကလည်း အောင်းကုန်းနဲ့ အင်ပင်ကို စစ်ကြောင်းမဝင်ခင် လေကြောင်းကနေအဝင်ဗုံးကျဲပြီး လမ်းရှင်းတဲ့ပုံစံလုပ်တယ် မနေ့ကလည်း နန့်သာကိုစစ်ကြောင်းမဝင်ခင် လေကြောင်းနဲ့နန့်သာရွာကိုဗုံးကျဲတယ်ပြီးမှစစ်ကြောင်းကဝင်လာတယ် ”ဟု ကာကွယ်ရေးတပ် မှတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် အင်းတော်နယ်နှင့် ဗန်းမောက်နယ်တွင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုအပြင် စစ်လက်နက်၊ စစ်အင်အား၊ ရိက္ခာများ သယ်ယူပို့ဆောင်ရာတွင်လည်း စစ်ရဟတ်ယာဉ်အသုံးပြုမူ ပိုများလာကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲငြိမ်သက်နေသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နှင့် တပ်မဟာ ၉ တပ်ဖွဲ့များ လှုပ်ရှားရာ ကချင် စစ်ကိုင်းနယ်စပ်ဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီနှင့် ထိတွေ့ တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေခြင်း ဖြစ်သည်။