တိုက်ပွဲသတင်း

မိုးမောက်တွင် တပ်ရင်းမှုး မိုင်းနင်းမိသေဆုံးသဖြင့် ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

မိုးမောက်မြို့ အရှေ့ဘက် လုံဂျာဘွမ်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိပြီး တပ်ရင်းမှူးနှင့် စစ်သားအများအပြားသေဆုံးခဲ့သဖြင့် ထိုနေရာကို ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေသည်ဟု ဒေသခံများ ပြောသည်။

အင်အား ၅၀ ကျော်ပါဝင်သော စစ်ကောင်စီတပ်သည် စစ်ကြောင်း ၃ ကြောင်းခွဲ၍ အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဗန်းမော်ဘက်မှ KIA  PDF များရှိရာ လုံဂျာဘွမ်ဘက်သို့ချီတက်လာစဥ် ပထမဆုံး ချီတက်လာသည့် စစ်ကြောင်းမှာ KIA ထောင်ထားသော မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ဦးခန့်သေဆုံးခဲ့သည့်အတွက် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လုံဂျာဘွမ်တောင်ကို ၃ ရက်ဆက်တိုက် လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်နေကြောင်း မိုးမောက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

သူတို့က မြေပြင်ကနေ စစ်ကြောင်းအရင်ထိုးတာ အရင်တက်သွားတဲ့အခါကျတော့ မိုင်းတစ်လုံးနင်းမိတာ နင်းမိတဲ့အခါကျတော့ အဲ့မှာတပ်ရင်းမှူးတစ်ယောက်နဲ့ တပ်သားငါးယောက်လောက် ထိသွားတယ်တဲ့ အဲ့ဒါနဲ့သူတို့က လေယာဥ်နဲ့တန်းကျဲတော့တာ သူတို့ မနက်၈ နာရီလောက်မှာ မိုင်းနင်းမိတာ အဲ့နောက် ၁၁ နာရီ လောက်ကနေစကျဲတာညနေပိုင်းထိပဲ။ ဒီမနက်ထိကျဲနေတုန်းအသံတွေ ကြားနေရတယ် အိုးစည် ဗုံမောင်းတီးနေသလိုပါ့ဗုံးကျဲတဲ့အသံကတော့” ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် တပ်ရင်းမူးနှင့် တပ်သားများ၏ ရုပ်အလောင်းကို စနေနေ့ နေ့လည်ပိုင်းက ဗန်းမော်မြို့သို့ စစ်ကားဆယ်စီးဖြင့် လာသယ်ယူသွားကြောင်း မျက်မြင်တွေ့သည့် ဒေသခံများကဆိုသည်။

စစ်ကောင်စီတပ်သည် လုံဂျာဘွမ်ကို ဗုံးကျဲရာတွင် အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီမှစကာ ည ငါးနာရီခွဲအထိ၊ အောက်တိုဘာလ  ၂၃ ရက်နေ့ နံနက် ၈နာရီခန့်မှ ညနေ ၅နာရီအချိန်ထိ နှင့် ယနေ့ နံနက် ၉နာရီခွဲအချိန်မှစ၍ ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရသည်။

သူတို့က တစ်စီးပြီးရင်တစ်စီးအလေ့အကျကျဲနေတာ ဂျက်ဖိုက်တာလည်းလာတယ်။ ဟတ်စကီနဲ့လည်းလာကျဲတယ်။ အလေ့အကျ နားလိုက်ပစ်လိုက်ကျဲနေတာ ဆက်တိုက်ပဲ။ ပြီးတော့လက်နက်ကြီးတွေနဲ့လည်းပစ်နေတယ်ဟု မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ လေယာဥ်ဖြင့်ဗုံးကျဲမှုကြောင့် KIA နှင့် PDF ဘက်မှ ထိခိုက်မှုရှိ မရှိကို KNG သတင်းဌာနက စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် လုံဂျာဘွမ်တောင်အနီးရှိ ဝဝမ်ရွာ၊ လုံဂျာရွာ၊ ခွန်ဂျာရွာနှင့် စုစုပေါင်းကျေးရွာလေးရွာမှ လူဦးရေ ၈၀၀ ကျော်မှာ မိုးမောက်မြို့တွင်းသို့စစ်ရှောင်နေရကြောင်းသိရသည်။

အလားတူစစ်ကောင်စီတပ်သည် မြစ်ကြောင်းတစ်လျှောက်အပါအဝင် ကချင်စစ်ကိုင်းနယ်စပ်များတွင် အောက်တိုဘာလမှစပြီး လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ဆောင်လာနေဆဲဖြစ်သည်။

အောက်တိုဘာလ ၂၃ ရက် ယမန်နေ့ညတွင်လည်း ဖားကန့်ကံစီး ကျေးရွာဘက်ရှိ KIA တပ်မဟာ ၉ နယ်မြေတွင် KIO ၆၂ ပြည့် KIA အထိမ်းအမှတ်နေ့အတွက် ပွဲပြင်ဆင်ကျင်းပနေစဥ် လေယာဥ် ၃စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကချင်နာမည်ကြီး အနုပညာရှင်များအပါအဝင် ပြည်သူ ၅၀ ကျော်သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button