တိုက်ပွဲသတင်း

မိုးမောက် လုံဂျာဘွမ်တွင် စစ်တပ်က‌ လေယာဉ်ဖြင့် ဓာတုအဆိပ်ငွေ့ ပစ်ခတ်ခဲ့

မိုးမောက်မြို့ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်ကို စစ်ကောက်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် ဓာတုအဆိပ်‌ ငွေ့အသုံးပြုခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။

စစ်ကောင်စီတပ်သည် KIA နှင့် PDFများရှိရာ လုံဂျာဘွမ်ကို လွန်ခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်အချိန်ထိ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် ၂၄ ရက်နေ့ ဗုံးကျဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်အသုံးပြုခဲ့သည်ဟု KIA ရှေ့တန်းရင်းမြစ်က KNG သတင်းကိုပြောသည်။

မီးခိုးလုံးကြီးကျလာပြီဆိုရင် ခန္ဓာကိုယ်တစ်ကိုယ်လုံးပျော့ခွေသွားတာ ဘာမှကိုမလုပ်နိုင်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆိပ်ဖြေအောင် လုပ်ယူရတယ်လို့ KIA ရှေ့တန်းရင်းမြစ်မှ တာဝန်ရှိသူက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လတွင်းဖြစ်ပွားခဲ့သည့် မြို့လှတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သည် ဓါတုအဆိပ်ငွေ့ အသုံးပြုခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

ယခုနောက်ပိုင်း စစ်ကောင်စီ စစ်ကြောင်းများတွင် ဓါတ်ခွဲခန်းဝတ်စုံနဲ့တူသည့် ခဲရောင်ဝတ်စုံဆင်တူ ဝတ်ဆင်ထားသူများလည်း ပါဝင်လာကြောင်း သိရသည်။

အဲခဲရောင်ဝတ်စုံဝတ်ထားတဲ့သူတွေ စစ်ကြောင်းတစ်ကြောင်းမှာ ၁၀ ယောက်လောက်ပါလာတယ် ကျနော်တို့ သုံးသပ်ရသလောက် ဒီလူတွေက ဓါတုလက်နက်ပစ်မယ့်သူတွေဖြစ်နိုင်တယ်ဆိုပြီး KPDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်စက်တင်ဘာလမှစတင်ကာ ကချင်စစ်ကိုင်းနယ်စပ်သို့ လေကြောင်းအသုံးပြုပြီး သိသိသာသာ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အပြင် လက်ရှိ မိုးမောက်မြို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် လက်ရှိမှာ ဝဝမ်ရွာ၊ လုံဂျာရွာ၊ ခွန်ဂျာရွာ၊ နောင်ပေါက်နှင့် ခါနန်ရပ်ကွက်နေ ပြည်သူများသည်မိုးမောက်မြို့ပေါ်ရှိ ခရစ်ယန်ဘုရားကျောင်းများနှင့် အသိဆွေမျိုးနေအိမ်များ၊ ဗန်းမော်မြို့ပေါ်သို့ စစ်ဘေးရှောင်နေရကြောင်းသ ိရသည်။

မိုးမောက်၊ ဗန်းမော်နှင့် ကသာဘက်မှတက်လာသည့် စစ်ကောင်စီစစ်သား အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းသည် အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကြောင်း ၃ ကြောင်းခွဲ၍ လုံဂျာဘွမ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ယနေ့ထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button