စစ်ပြေးဒုက္ခသည်များသတင်း

လုံဂျာဘွမ်တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်ဘက်သို့ တိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်နေ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၄ ခုမှ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ပေးရန် အရေးပေါ်လိုအပ်နေကြောင်းသိရသည်။

မိုးမောက်မြို့၏ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်တောင်ကုန်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လုံဂျာ၊ ဝဝမ်၊ နောင်ပေါက်နှင့် ခါနန် စသည့် ကျေးရွာနေ ဒေသခံပြည်သူများက လက်နက်ကြီးများထိမှန်မည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါ ကျေးရွာ ၄ ခုမှ စစ်ဘေးရှောင်ပြည်သူများ တစ်ထောင်ဝန်းကျင်ခန့်သည် မိုးမောက်မြို့ပေါ် ကြေးနန်ရပ်ကွက်၊ အလောန့်ကောင့်ရပ်ကွက်ရှိ ခရစ်ယာန်ဘာသာရေးကျောင်းဆောင်များ၊ ဘုန်းကြီးများနှင့် ဆွေမျိုးအိမ်များတွင် တိမ်းရှောင်နေရပြီး ၎င်းတို့ စစ်ရှောင်များအတွက် အကူအညီလိုအပ်နေသည်ဟု ခါနန်ရပ်ကွက် စစ်ရှောင်ပြည်သူတစ်ဦး KNG ကိုပြောသည်။

စစ်ရှောင်လာတဲ့ ပြည်သူတွေက တစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ အားလုံးက တစ်နေရာထဲမှာမဟုတ်ဘူး နေရာခွဲပြီးနေကြတယ်။ လောဆယ်က လိုအပ်ချက်တွေအများကြီးရှိနေတယ်။ အဓိကပြောရမယ်ဆိုရင် အစားအသောက်တွေပေါ့။ ဆန်၊ ဆီ၊ ဆားလိုအပ်နေတယ်။ ဒီိမှာရောက်လာတဲ့သူတွေက ကိုယ်လွတ်ထွက်ပြေးလာကြတဲ့သူတွေပဲဆိုတော့ ဘာမှပါမလာကြဘူး။ ဆိုင်ကယ်တစ်စီးမှာ သုံး လေး ယောက်စီးပြီး ပြေးလာခဲ့ရတာ ဘာအဝတ်အထည်တွေလည်း ပါမလာဘူး။ အဲ့ကြောင့်အဝတ်အထည်တွေလည်းလိုအပ်တယ်ဟုပြောဆိုသည်။

တိမ်းရှောင်နေသည့် စခန်းအတွင်း မြင်တွေ့ရသည့် စစ်ရှောင်ကလေးငယ်များ

လက်ရှိ စစ်ရှောင်အကူအညီများလိုအပ်နေသည့်အပေါ်  တတ်နိုင်သည့် ပြည်သူများအနေဖြင့် တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းပေးရန် စစ်ရှောင်ပြည်သူများက တောင်းဆိုထားသည်။

လုံဂျာဘွမ်တောင်ကုန်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့ စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းအပါ မြေပြင်တွင်လည်း စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များက နိုဝင်ဘာလ ၂ ရက်နေ့အထိ လုံဂျာဘွမ်တောင်ဘက်တွင် ဦးတည်ကာ စစ်ကြောင်း ၂ခုဖြင့် စစ်အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေဆဲဖြစ်သည့်အတွက် ၂ ဖက်တပ် စစ်ရေးတင်းမာလျက်ရှိနေသည်ဟု ဒေသခံများပြေဆိုသည်။

Show More

Related Articles

Back to top button