သတင်း

ကွတ်ခိုင် ကချင် ကျမ်းစာကျောင်းတွင် လက်နက်ကြီး ကျရောက်ပြီး ကျောင်းသား ၄ ဦး ထိခိုက်

ရှမ်းမြောက် ကွတ်ခိုင်မြို့ KBC ကျမ်းစာကျောင်းထဲ စစ်တပ်ပစ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ည ၈ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ အမြောက်တပ်မှ လက်နက်ကြီး ပစ်ခတ်လိုက်ရာ ကျမ်းစာကျောင်း ယောကျာ်းလေးအဆောင်တွင် ကျရောက်ခဲ့သဖြင့် ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

“လက်နက်သံ အသေးစား ပရဲ့အရဲ့နဲ့ အရင်မြည်ပြီး လက်နက်ကြီးတစ်ခါထဲမြည်လာတာ။ ကျမတို့လည်း အားလုံးကြောက်ပြီး ကတုတ်ကျင်းထဲရောက်နေတယ်။ နှစ်ကြော့လောက်မြည်ပြီး ပြန်တိတ်သွားပြီ။” ဟု ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ထိခိုက်သူ ကျောင်းသား ၄ ဦးနှင့် ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးပါ။

စစ်တပ်အနီး လက်နက်ငယ်အသံများ စတင်ကြားရပြီးနောက် စစ်တပ်မှ လက်နက်ကြီး ယမ်းတမ်းပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ဟိုမုန်းကျေးရွာအနီး ကောင်းဆတ်ဘွမ်တွင် နိုဝင်ဘာ ၂ ရက် ယမန်နေ့ကလည်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button