တိုက်ပွဲသတင်း

မိုင်းဆွဲခံလိုက်ရသည့်  စစ်ကောင်စီတပ်သည် မိုးမောက် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့

ဗန်းမော်ခရိုင် မိုးမောက် မြို့နယ် လုံဂျာဘွမ်ဆုတောင်းတောင်ဘက်မှဆင်းလာသည့် စစ်ကြောင်းအား KIA တပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် မိုးမောက်မြို့တွင်းပစ်ခတ်မူများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင် လုံဂျာဘွမ်ဆုတောင်းတောင်မှဆင်းလာသည့်စစ်‌ကြောင်းနှင့် မိုးမောက်မြို့အထက်နားရှိ ခလရ ၄၃၇ တပ်မှ ဆင်းလာသည့် စစ်ကြောင်းသည် မိုးမောက်မြို့နယ်မှ ဗန်းမော်မြို့ဘက်သို့ဆင်းလာစဉ် လမ်းခုလတ်တစ်နေရာ၌  KIA,PDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်းသိရသည်။

“ဟိုနေ့က ကျနော်တို့လွှတ်လိုက်ရတဲ့ ဆုတောင်းတောင်က စစ်ကြောင်းနဲ့ ခလရ ၄၃၇ တပ်တွေ စစ်ကြောင်းဆင်းလာတဲ့ချိန်မှာ ဒီဘက်က မိုင်းဆွဲတိုက်ခိုက်လိုက်တာ ထိခိုက်သေဆုံးတာတော့ များနိုင်တယ်” လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ယင်းကဲ့သို့ စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ မိုးမောက်မြို့တွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ် ၂လုံးနှင့် ဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးပေးခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့‌ကြောင်း သိရသည်။

“အိမ် ၂လုံးနဲ့ ဆိုင်ခန်းက လက်နက်ကြီးကျလို့မီးလောင်တာမဟုတ်ဘူး တမင်မီးရှို့ခဲ့တာလို့ သိရတယ်”လို့ ဒေသခံတစ်ဦးကပြောသည်။

မြို့တွင်းဘက်သို့လည်း လက်နက်ပစ်ခတ်ခဲ့သည့်အတွက် ခါနန်ရပ်ကွက်မှ အသက် ၃၀ ဝန်းကျင်ရှိ မောင်ဘရန်လီ၏ ညာခြေထောက်တွင်လည်း လက်နက်ကြီးကျည်ထိမှန်သွားကြောင်း သိရသည်။

မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၂၃ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နဲ့ KIA,PDF တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့်ပစ်ခတ်မူများ ရှိခဲ့သည့်အပြင် လက်ရှိချိန်ထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button