သတင်း

စစ်ကောင်စီလက်အောက်မှ KIA ထဲ ဝင်ရောက်လာသူများကို လုံခြုံစွာ စောင့်ရှောက်ထားကြောင်း KIO ပြော

ကချင်ပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ဆက်လက် မထမ်းဆောင်လိုတော့သဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ လက်နက်ချ အလင်းဝင်ရောက်လာသော စစ်သားနှင့် ရဲတပ်ဖွဲ့ အယောက် ၅၀၀ ဝန်းကျင်ခန့် ရှိလာပြီဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင်ရှိသည့် စစ်မှုထမ်းများ၊ ရဲဝန်ထမ်းများနှင့် ပညာရှင်များ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေအတွင်းသို့ အလင်းဝင်ရောက်လာသူများကို လုံခြုံစွာကာကွယ် စောင့်ရှောက်ထားပေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG သတင်းဌာနကို ပြောဆိုသည်။

ကျနော်တို့ဘက်ကို ဝင်ရောက်လာတဲ့ သူတိုင်းကို လုံခြုံမှုရှိအောင် ကာကွယ်ထားပေးတယ်။ သူတို့ရဲ့ စားဝတ်နေရေး ဖူလုံဖို့အတွက် သူတို့ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေ ဖော်ဆောင်ပေးထားတယ်ဟု ပြောဆိုသည်။

ပြီးခဲ့သော ၂၀၂၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းမှ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပူးပေါင်းပြီး ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် KPEZ ဗဟိုကော်မတီဖွဲ့စည်း ဖွင့်လှစ်ခဲ့ကာ အလင်းဝင်လာသူများကို လက်ခံခဲ့ကြကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသူများကို ငွေကြေးချီးမြင့်မှုများရှိသလို လုပ်ငန်းနေရာပေးမှုများလည်း စီစဉ်ပေးကာ လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားကြောင်းလည်း KIO သတင်းများတွင် ဖော်ပြထားသည်။

ထို့နောက် အလင်းဝင်ရောက်လာပြီး လုံခြုံရေးအရ စခန်းနေရာဘက်သို့ မရောက်ရှိလာနိုင်သေးသူတစ်ချို့ကိုလည်း KPEZ ကော်မတီမှ တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Show More

Related Articles

Back to top button