သတင်း

စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးလာမည်ကို ဒေသခံများစိုးရိမ်

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံကျေးရွာကို ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းခချောင်းဖျားတွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ နှင့် ရွှေဝါ တူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးထိခိုက်လာမှုကို ဒေသခံများစိုးရိမ်နေကြသည်။

နန့်ရင်းခချောင်းသည် အင်းတော်ကြီးကန်ထဲသို့ စီးဝင်နေသည့် ချောင်းဖြစ်ပြီး လက်ရှိ အင်းတော်ကြီးကန် နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် နန့်ခင်းခ ချောင်းဖျားဘက်တွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ ၊ ရွှေဝါ တူးဖော်မှု ပိုမိုများပြားလာသည်ဟု အင်းတာ်ကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

အင်းတော်ကြီးနဲ့တော့ မိုင် ၂၀ ကျော်ကျော်လောက် ဝေးတယ်။ လုံးတုံးရွာထဲကနေ အင်းတော်ကြီးကန်ထဲကို စီးဝင်တာလေရေက အဲ့ကြောင့် အခုလောလောဆယ် အရမ်းကြီးမပျက်စီးသေးပေမယ့် ကြာရင်တော့ ပျက်စီးမှာ သေချာတယ်။ အခုတောင် ကန်ထဲကို နွံတွေဘာတွေ ရောက်ခဲ့ပြီ အမိုက်တွေ ရေတွေလည်းစနောက်နေပြီ ဆက်တူးနေရင်တော့ ကန်က နွံတွေဖြစ်သွားမှာ ရေနောက်သွားမှာသေချာပဲ” ဟု အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နန့်ရင်းခ ချောင်းဖျားတွင် ယခုကဲ့သို့ ရွှေတူးဖော်နေမှုမှာ ၂လခန့်ကြာနေပြီဖြစ်ပြီး လုပ်ငန်းရှင် ၄၀ ဦး ဝန်းကျင်နှင့် ဘတ်ဖိုး အစီး ၂၀ ကျော်ဖြင့် တွင်တွင်ကျယ်ကျယ် တူးဖော်နေကြောင်း ဒေသခံများက ဆိုသည်။

တူးနေတဲ့လူတွေက ဒေသခံအချို့ပါတယ် နယ်ဝေးကလည်းပါတယ်။ သူတို့က အစက မိုင်းနောင်ရွာနောက်ကြောမှာ တူးတဲ့အဖွဲ့တွေပဲ စစ်တပ်ကဘတ်ဖိုးတွေ ဖမ်းလိုက်တော့ အဲ့မှာတူးမရတော့ဘူးလေ စစ်တပ်နဲ့အလှမ်းဝေးတဲ့ လက်လှမ်းမမှီနိုင်တဲ့ နန့်ရင်းခ ချောင်းဖျားဘက်ကိုရွေ့သွားကြတာဟု ဒေသခံတစ်ဦးကပြောသည်။

အင်းတော်ကြီးကန်သည် အလျား ၂၄ ကီလိုမီတာ ၊အကျယ်ဆုံး အနံ ၁၃ ကီလိုမီတာရှိပြီး ရေလယ်ခေါင်တွင် ကချင်ပြည်နယ်၏ အထင်ကရ ရွှေမဉ္ဇူဘုရားကို တည်ထားသောကြောင့် ဘုရားပွဲများ စည်စည်ကားကား ကျင်းပလျက်ရှိသည့်အပြင် ဒေသခံများက အားထားရသည့်ခရီးသွား နေရာတစ်ခုလည်းဖြစ်သည့်အတွက် ကန်ပျက်ဆီးထိခိုက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

အင်းတော်ကြီးဒေသတစ်ဝိုက် မမုံကိုင်၊ မိုင်းနောင်နှင့် လုံးတုံကျေးရွာ အနောက်ကြောဘက်တွင် တရားမဝင်ရွှေတူးဖော်နေသည့် ဘတ်ဖိုး၊ မြေသယ်ကား အစီး ၅၀ ခန့်ကို စစ်တပ်က ၂၀၂၂ ခုနှစ်သြဂုတ်လတွင် ဖမ်းဆီးခဲ့ပြီးနောက် အင်းတော်ကြီးဒေသတစ်ဝိုက် ကြီးကြီးမားမား ရွှေတူးဖော်မှု ခေတ္တရပ်နားခဲ့ပြီးနောက် ယခုပြန်လည်စတင်လာခြင်းဖြစ်သည်။

Show More

Related Articles

Back to top button