သတင်း

ကုန်စည်ရှားပါးမှုကြောင့် တရုတ် နယ်စပ် မြန်မာကုန်ကားသမားများ အခက်အခဲကြုံနေဆဲ

ကချင်ပြည်နယ် မြန်မာတရုတ်နယ်စပ် လွယ်ဂျယ်လိုင်ရင်း နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မောင်းနင်နေသည့် မြန်မာကုန်ကားသမားများသည် ကုန်စည်ရှားပါးမှုကြောင့် စားဝတ်နေရေးအခက် ကြုံနေရဆဲ ဖြစ်သည်ဟု သိရသည်။

ဗန်းမော်ခရိုင်အတွင်းက တစ်သျှူးငှက်ပျော၊ ကြံ စသည့် သီးနှံစိုက်ပျိုးသူများသည် ၂၀၂၀၊ ၂၀၂၁ ခုနှစ် ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ကုန်စည်ပျက်စီး ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရပြီး ယခုနှစ်သီနှံရာသီအတွက် တစ်သျှူးငှက်ပျောနဲ့ ကြံစိုက်ပျိုးသူ နည်းပါးသွားသည့်အတွက် ယခုလို ခက်ခဲလာသည်ဟု အဆိုပါ လမ်းပိုင်းတွင် မောင်းနင်နေသည့် ကားသမားတစ်ဦးက KNG ကို ပြောသည်။

တစ်လတစ်ခေါက်တောင် အနိုင်နိုင်ထွက်နေရတယ်ဗျ။ ကျွန်တော်တို့ကလည်း ကုန်စည်ကားမောင်းဖို့ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ထားတာ စာချုပ်တော့ချုပ်ထားပြီ ကားကမထွက်ရ အခေါက်စားဆိုတော့ ကားထွက်မှ ပိုက်ဆံရတာ။ အဓိကပြသာနာ ကစားဝတ်နေရေး ခက်ခဲသွားတာဟု ကားသမားတစ်ဦးက ပြောသည်။

ကိုဗစ်မတိုင်ခင်က ပုံမှန်အားဖြင့် တစ်လလျှင် ငါးကြိမ်ထက်မနည်း ကားထွက်ခွင့်ရခဲ့သော်လည်း ယခုနှစ်ကာလများတွင် တစ်လလျှင် အများဆုံး ၂ကြိမ် အထိသာ ကားထွက်ခွင့်ရသည့်အတွက် ကားသမားများ ခက်ခဲလာခြင်းဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။

အခက်အခဲကတော့ ဒီမှာကားစောင့်နေရတဲ့ကိုယ့် စားဖို့ရှာရမလား မိသားစုကိုပို့ပေးဖို့ပဲရှာရမလားဖြစ်နေတယ်ဟု အခြားကားသမားတစ်ဦးက ပြောသည်။

လွယ်ဂျယ် နယ်စပ်ဂိတ်မှ ပုံမှန်အားဖြင့် တစ်နေ့လျှင် ကုန်စည်ကားထွက်နှုန်း အစီးရေ ၂၀၀ အထက်ရှိပြီး ကိုဗစ်ကာလအတွင်း တစ်နေ့ ကားထွက်နှုန်း အစီးရေ ၁၀၀ အောက် လျော့ကျသွားခဲ့ရာ ယခုနှစ် သီးနှံရာသီစသည့် ၂၀၂၂ သြဂုတ်လနောက်ပိုင်းမှစ၍ ကုန်စည်ရှားပါးမှုကြောင့် တစ်နေ့လျင် အစီး ၂၀ ဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ နှစ်တာကာလများတွင် မြန်မာ နှင့် တရုတ် နှစ်နိုင်ငံအစိုးရ၏ ကိုဗစ်ထိန်းချုပ်ရေးစည်းကမ်းသတ်မှတ်ချက်များကြောင့် ကုန်စည်တင်ပို့မှု လျော့ချခံရခြင်း ၊ ကုန်စည်တင်ပို့ခွင့်ပိတ်ပင်ခံရခြင်းစသည့် အချက်များကြောင့် သီးနှံစိုက်ပျိုးသူများ ဆုံးရှုံးနစ်နာမှုများစွာ ကြုံတွေ့ခဲ့သည့်အတွက် ၂၀၂၂ ခုနှစ် သီနှံစိုက်ရာသီတွင် စိုက်ပျိူးသူ လျော့နည်းသွားသည့်အတွက် ယခုကဲ့သို့ ကုန်စည်ရှားပါးလာရခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း လွယ်ဂျယ်၊ ကန်ပိုက်တည် နယ်စပ်ဂိတ်အပါအဝင် ရှမ်းပြည်နယ်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်များတွင် တရုတ်ဘက်က တင်းတင်းကြပ်ကြပ်ချမှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ဖြေလျော့လိုက်ပြီး ကုန်သွယ်ရေးချော့မွေ့လာသော်လည်း ကုန်ကားသမားများ ကုန်စည်ရှားပါးမှုကြောင့် ခက်ခဲနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button