ဝိုင်းမော်တွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကျောင်းသား ၃ ဦး ထိခိုက် သေဆုံးမှုဖြစ်
ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာ လီဆူရပ်ကွက်တွင် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ယူ ဆော့ကစားခဲ့သော ဆယ်ကျော်သက် ကျောင်းသား ၃ ဦးသည် ကျည်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၁၀ ရက် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကျောင်းဆင်းပြီး ပြန်လာသည့် ကလေးငယ် ၃ ဦးသည် ၎င်းတို့၏ အိမ်ပြန်လမ်း ပြည်သူ့စစ်တပ်စခန်းအနီးတဝိုက်တွင် လက်နက်ကြီးကျည်တွေ့ရှိခဲ့ပြီးနောက် ၎င်းကို ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဝူယန်ဒေသခံတစ်ဦး KNG ကို ပြောသည်။
“ပေါက်ကွဲမှုဖြစ်သွားတာက ၄ နာရီခွဲလောက်မှာ ဖြစ်မယ် ကြားလိုက်ရတယ်။ ဖြစ်စဉ်က အဲ့ဒီရပ်ကွက်ကလေးတွေ ကျောင်းဆင်းပြီး ပြန်လာတဲ့အချိန် ပြည်သူ့စစ် စခန်းအနီးတဝိုက်မှာ မကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေ့ကြတယ် ထင်တယ်။ ကလေးတွေက အဲ့ဒါကို ယူပြီးတော့ ဒီအနီးနားမှာပဲရှိတဲ့ ကချင်မူရင်းဘုရားကျောင်းရဲ့ အနောက်ဘက်မှာ ခေါက်လိုက် ဆော့လိုက်နဲ့ ကစားနေတာကနေကွဲသွားတယ်လို့ပြောတယ်”ဟု ဆိုသည်။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် မောင်ခေါဆီးသည် ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး၊ ၁၀ နှစ်အရွယ် မောင်လာလူးနှင့် အသက် ၈ နှစ်အရွယ် မောင်ဗျာဆားတို့မှာ မြစ်ကြီးနားမြို့ စစ်တပ်ဆေးရုံတွင် ခွဲစိတ် ကုသမှု ခံယူနေရကြောင်း သိရသည်။
ကလေးများ ဆော့ကစားခဲ့သော လက်နက်ကြီးကျည်သည် ပြည်သူ့စစ်အဖွဲ့မှ ပြုတ်ကျထားသည့် လက်နက်ကြီးကျည်ဖြစ်နိုင်သလို ပြီးခဲ့သော ၂၀၂၂ ခုနှစ် ပြည်သူ့စစ်စခန်းအနီးတဝိုက် တိုက်ပွဲဖြစ်ပွားမှုကြောင့် မပေါက်ကွဲဘဲ ကျန်နေခဲ့သော လက်နက်ကြီးလည်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။
ယခုလို အသက်မပြည့်သေးသည့် ကလေးငယ်များ လက်နက်ကြီးကျည်ထိမှန် သေဆုံးမှုများသည် လူနေရပ်ကွက်အတွင်း ပြည်သူ့စစ်အဖွဲ့ မှ တပ်စခန်းအခြေစိုက်ထားခြင်း၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည်ဟု နောက်ထပ် ဝိုင်းမော်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
“အခုလိုဖြစ်တာက ရွာအတွင်းမှာ ပြည်သူ့စစ်စခန်း ထားရှိလို့ဖြစ်တာပဲ ဖြစ်တယ်။ အခုဆိုရင် ပြည်သူတွေရှိ မရှိနားမလည်ဘူး ပစ်ချင်ပစ်နေတယ်။ နောက်ဆုံးက ကျနော်တို့ ပြည်သူတွေပဲ အသက်မသေသင့်ပဲ အသက်တွေ ပေးနေရတယ်။ သူတို့တွေ ဒီလိုသာ ဆက်ရှိနေမယ်ဆိုရင် ပြည်သူတွေအတွက်က လုံခြုံမှုမရှိတော့ဘူး။ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တယ်”ဟု ပြောဆိုသည်။
ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာတွင် ဦးရွှေမင်းဦးဆောင်သော ပြည်သူ့စစ်အဖွဲ့သည် ဒေသခံများ ကန့်ကွက်နေသည့်ကြား ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် တပ်စခန်းတည်ဆောက်ကာ စခန်းချနေခဲ့သည်။
ထို့ကြောင့် ပြည်သူ့စစ်စခန်း ဆောက်လုပ်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက် တိုက်ခိုက်မှုများ ရှိခဲ့သည်။