သတင်း

ဖမ်းဆီး မီးရှို့ပြရမည့် အမိန့်ကြောင့် တနိုင်းရွှေမှော်ရှိ ဘက်ဟိုးများ စစ်တပ် လိုက်လံဖမ်းဆီးနေ၊ တဲအိမ်များကိုလည်း မီးရှို့ပြီး ဓါတ်ပုံရိုက်ယူ

တနိုင်းမြို့နယ် ရွှေမှော်များတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုး အစီး ၂၀ ခန့်ကို မဖြစ်မနေ ဖမ်းဆီးပြရမည့် တိုင်းစစ် အမိန့်ကြောင့် လက်ရှိ ဘက်ဟိုးများ လိုက်လံဖမ်းဆီးနေပြီး ရွှေမှော်ရှိတဲများကိုလည်း စစ်ကောင်စီတပ်က လိုက်လံ မီးရှို့ဖျက်ဆီးကာ ဓါတ်ပုံ မှတ်တမ်းယူနေသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်ကာ တနိုင်းမြို့နယ် လပူခမှော် (Lapu Hka) နှင့် ပရင်းတောင်မှော် စသည့် ၂ နေရာတွင် စစ်ကောင်စီ ခလရ ၈၆ တပ်ရင်း ၊ ခလရ ၂၃၈ တပ်ရင်း နှင့် မင်းဇင်သန့် ဦးဆောင်သည့် ဝါရာဇွပ်ပြည်သူ့စစ်များအပါ စစ်အင်အား ၁၀၀ ကျော်ခန့်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ညွန်ကြားချက်ဖြင့် စစ်ကြောင်းဝင်ရောက်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

သူတို့က တရားမဝင် လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ငန်းရှင်တွေရဲ့ ဘက်ဟိုး အစီး ၂၀ နဲ့ စက်ဆိုင်းတွေကို မဖြစ်မနေ ဖမ်းဆီးရမယ်လို့ လာပြောတယ်။ မှော်က လူကြီးတွေနဲ့ ညှိကြတဲ့အခါမှာ အစီး ၂၀ တော့ မရနိုင်ဘူးလို့ပြန်ပြောတယ်။ နောက် ၁၅ စီးတော့လုပ်ပေး။ နောက်ဆုံး ၁၀ စီးတော့ မဖြစ်မနေ ရအောင် ဖမ်းပေးရမယ်လို့ ညှိကြတယ်။ သူတို့က ပိုက်ဆံလည်းလိုချင် ဖမ်းပြရမယ်ဆိုတော့ ဘက်ဟိုးပဲရချင် ဖြစ်နေကြတယ်။ ပြီးရင် တဲအလုံး ၂၀ ကျော်ကိုလည်း မီးရှို့ ပြီးမှတ်တမ်းလည်းယူရမယ်တဲ့ အဲ့ကြောင့် မနေ့ကတော့ စရှို့နေပြီဟု ရွှေမှော်ရှိ ဒေသခံများနှင့် ရင်းနှီးသော တနိုင်းဒေသခံတစ်ဦးထံ မှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များသည် လပူခမှော်ရှိ လုပ်ငန်းရှင်များထံမှ ဘက်ဟိုး ၆ စီးခန့်ကို ရယူဖမ်းဆီးထားပြီဖြစ်ပြီး ၁၀ စီးပြည့်ရန်အတွက် နောက်ထပ် လိုက်လံ ဖမ်းဆီးနေသေးသည်ဟု သူကဆက်ဆိုသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့သည် မှော်အတွင်း ပြည်သူများ မှီခိုနေသည့် တဲအိမ်များနှင့် စျေးဆိုင်များ ၂၀ ကျော်ခန့်ကို လည်း မီးရှို့ဖျက်ဆီးလိုက်ပြီး အထက်ကို တင်ပြရန် မှတ်တမ်းများလည်း ရိုက်ကူးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် ဝါရာဇွပ်ပြည်သူ့စစ်တို့သည် ပြီးခဲ့သော ဇန်နဝါရီလ ၁၄ ရက်တွင် စစ်အင်အား ၁၀၀ ကျော်ခန့်ဖြင့် တနိုင်းမြို့တွင်းနှင့် လီဒိုလမ်းမပေါ်ရှိ အောင်ရာကျေးရွာအနောက်ဘက်ခြမ်းမှ စစ်ကြောင်း ၂ခုဖြင့် လပူခမှော်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဂျာငိုင်၊ စန်လွန်၊ ဝီမော်နှင့် မိုင်းခွန် စသည့်နေရာများတွင် တပ်စွဲထားကြောင်း သိရသည်။

လပူခမှော် အထက်ပိုင်း ၂ မိုင်ခန့် နေရာတွင်ရှိသော အဓိက ပရင်းတူးဖော်နေသည့် ပရင်းတောင်မှော်တွင်လည်း စစ်ကြောင်းများ ဝင်ရောက်ကာ အတင်းအဓ္ဓမ ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ပြီးနောက် တဲစောင့် ၂ဦးသာနေခိုင်းပြီး ကျန်ရှိသူအားလုံးကို မှော်ဒေသမှ ထွက်ခွာခိုင်းနေကြောင်း သိရသည်။

လပူခရဲ့ အထက်မှာရှိတဲ့ ပရင်းတောင်က လူတွေကိုလည်း ထွက်ခိုင်းနေပြီ။ သူတို့ရဲ့ပုံစံက မလုပ်ခိုင်းတာလည်း မဟုတ်ဘူး။ တဲစောင့်ပဲချန်ထားခိုင်းပြီး အကုန်လုံးကို ထွက်ခိုင်းနေတယ်။ လပူခမှာလဲ အဲ့အတိုင်းပဲ အကုန်ထွက်ခိုင်းနေတယ်။ မနေ့ကစပြီး ထွက်တဲ့သူတွေက ထွက်နေကြပြီ။” ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆက်ဆိုထားသည်။

လပူခနှင့် ပရင်းတောင်မှော်များတွင် ရွှေလုပ်သားတစ်ထောင်ကျော်အထက်ရှိနေပြီး စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်မှုကြောင့် ဇန်နဝါရီလ ၁၃ ရက်နေ့မှစတင်းပြီး ရွှေလုပ်သားများသည် တနိုင်းမြို့ပေါ်ဘက်သို့ ထွက်ခွာနေသည်ဟု စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်သည် တနိုင်းမြို့အဝင် တိန်းကောက်ကျေးရွာရှိ ရွှေမှော်သို့သွားသော လမ်းကြောင်း ၂ ခုကိုလည်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဖြတ်တောက်ထားသည်ဟု တိန်းကောက်ဒေခံတစ်ဦးက ယခုလို ပြောဆိုထားသည်။

တိန်းကောက်မှာက ရွှေမှော်ဘက်ကိုသွားတဲ့ လမ်းမကို ဖြတ်တောက်လိုက်တာက ရှိတယ်။ ရွာကနေ လယ်တောကို ဘက်ဟိုးတွေပုံမှန်သွားတဲ့ လမ်းရယ်၊ ရွာအလယ်ရဲ့ လမ်းဆုံးနေရာကို ဖြတ်တောက်လိုက်တယ်။ အဲ့ဒီလမ်းတွေက ဒီနားဝိုက်မှာရှိတဲ့ ရွှေမှော်တွေကိုသွားတဲ့ လမ်းတွေဖြစ်တယ်။ ပြီးရင် အဲ့ဒီလမ်းတွေက ဒေသခံတွေ အခင်း တောင်ယာ တွေသွားလာတဲ့ လမ်းပေါ့။ အခုလို ဘာလို့ ဖြတ်တောက်လိုက်တယ်ဆိုတာက မသိပါဘူး” ဟု ပြောသည်။

ဟူးကောင့်ချိုင့်ဝှမ်းဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ စိုးမိုးနယ်မြေတစ်ဝိုက်ရှိ ချောင်းဆုံ၊ ကရွယ်သူ၊ ဂျာဝမ့်၊ ကိုင်းတောနှင့် ဘန်ကောက် ရွှေမှော်များကိုပိတ်သိမ်းရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သတိပေးခဲ့သည်။

KIA ၏ သတိပေးချက်ထွက်ပေါ်ပြီး နှစ်ရက်အတွင်း KIA ကို တန်ပြန်ပိတ်ဆို့သည့်အနေဖြင့် ပြည်သူ့စစ်အဖွဲ့သည် ရွှေမှော်သွားလမ်းများကို ဖြတ်တောက်လိုက်သည်။

ထို့ကြောင့် လက်ရှိတွင် ဟူးကောင့်ချုင့်ဝှမ်းဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့စစ်အဖွဲ့တို့ကြား နှစ်ဖက်အပြိုင်အဆိုင် ပိတ်ဆို့မှုများပြုလုပ်နေပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များသည် လပူခမှော်ဘက်ကို ဝင်ရောက်ကာ ဖမ်းဆီးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button