လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဒီပဲယင်းတွင် ဒေသခံတစ်ဦး စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုမှ လွတ်လာပြီး တစ်ပတ်ခန့်အကြာတွင် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ချောင်းနားကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းမီးရှို့စဥ် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသော ဒေသခံ ၂ ဦးအနက် ဒေသခံတစ်ဦးသည် ပြန်လွှတ်လာပြီးနောက် တစ်ပတ်ခန့်အကြာတွင် သေဆုံးခဲ့သည်ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။

“သူက ၉ ရက်နေ့က ချောင်နားကျေးရွာကို စကစတွေ ဝင်မီးရှို့တဲ့အချိန်ဖမ်းခံရတာ ကျနော်တို့ကဖမ်းခံရတယ်လို့ မထင်ဘူးပျောက်နေတယ်ပဲထင်တာ။ ဖမ်းခံရတာက နှစ်ယောက် တစ်ယောက်ကတော့ နှိပ်စက်ဒဏ်ရာတွေ မတွေ့ဘူး သူလည်းပြန်လွှတ်လာ ခဲ့တယ် အဲ့တာ ၁၁ ရက်နေ့က‌တော့ ရိုက်နှပ်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ပြန်ရောက်လာတယ် မနေ့ကပဲသေဆုံးသွားပါတယ်။ မိသားစုကိုတောင် ကောင်းကောင်း စကားပြောနိုင်ခြင်းမရှိခဲ့ဘူးလို့သိရတယ်“ ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သေဆုံးခဲ့သူမှာ အသက် ၄၅ နှစ်အရွယ် ဦးသိန်းထွန်းဆိုသူဖြစ်ပြီး ချောင်းနားကျေးရွာဒေသခံတစ်ဦးဖြစ်သည်။ သူ့ကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

မီးရှို့ခံခဲ့ရသည့် ချောင်းနားကျေးရွာသည် အိမ်ခြေ ၄၀ ကျော်ခန့်သာရှိသည့် ရွာငယ်လေးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ မီးရှို့မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ‌ရေဦးနှင့် ဒီပဲယင်းရှိကျေးရွာများကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့နေသည့် ခမရ-၃၆၄ နှင့် ခလရ-၇၀၁ ပူးပေါင်းတပ်ဖွဲ့များဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ပြည်သူနေအိမ် ၄၈၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက နေအိမ် ၃၆၀၀၀ ကျော် အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည့်ဒေသဖြစ်သည်ဟု Data For Myanmar ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Show More

Related Articles

Back to top button