ဖားကန့်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
![](https://i0.wp.com/burmese.kachinnews.com/wp-content/uploads/2023/02/332857410_895945834780448_8866965668546939500_n.jpeg?resize=780%2C470&ssl=1)
ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး ယနေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။
ပစ်ခတ်ခံရသည့် အမျိုးသားက နေအိမ်အတွင်းရှိနေစဉ် ဆိုင်ကယ် ၂ စီးဖြင့် စီးနင်းလားသည့် လူ ၅ ဦးက သူ၏ နေအိမ်အတွင်းအထိ လာရောက်ပစ်ခတ်သွားသည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG ကိုပြောသည်။
“သေနတ်နဲ့လာပစ်သွားတယ်။ ငါးယောက်က ဆိုင်ကယ် ၂ စီးနဲ့ နှစ်ယောက်က အိမ်ထဲအထိ ဝင်ပစ်သွားတယ်”ဟု မျက်မြင်သက်သေတစ်ဦးကပြောသည်။
အဆိုပါ သေနတ်ပစ်ခတ်ခံရသည့် အမျိုးသားသည် အသက် ၄၉ နှစ်အရွယ်ရှိ ဦးသန်းစိုးခေါ်သူဖြစ်ပြီး သူ၏ ဦးခေါင်းနေရာမှာ ကျည်ဖောက်ဝင်သွားသဖြင့် ပွဲချင်းပြီး ထိုနေရာတွင် သေဆုံးသွားကြောင်းသိရသည်။
လက်ရှိတွင် ဦးသန်းစိုကို အိမ်အတွင်းအထိ လာရောက်ပစ်ခတ်သွားသည့် အဖွဲ့အစည်းမသိရဘဲ ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရသည်။
ဦးသန်းစိုးသည် မှော်ဝမ်းရပ်ကွက် ၅ အိမ်အမှတ်(၁၀၉) နေအိမ်တွင် သူ၏ မိသားစုနှင့်တကွ ကျောက်အရောင်းအဝယ်လုပ်ကိုင်ပြီး နေထိုင်သူဖြစ်ကြောင်း သတင်းအရင်းအမြစ်များကပြောသည်။
ဖားကန့်မြို့တွင် ယခုကဲ့သို့ လုယက်မှုနှင့် သတ်ဖြတ်ခံရမှု မကြာခဏဖြစ်ပွားနေပြီး ယခုနှစ်အတွင်း သတ်ဖြတ်ခံရသူ ၄ ဦးအထိရှိလာပြီဖြစ်သည်။