သတင်း

ဖားကန့်သို့ ဆန်ကား မဝင်သေးသဖြင့် ဆန်ပြတ်လပ်ပြီး အရောင်းဆိုင်များလည်း ပိတ်ထားရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ ဆန်တင်ပို့ခွင့်  ပိတ်ဆို့ခံထားရသည့်အတွက် ဆန်ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဆန်ဆိုင်များလည်း ပိတ်ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ နန့်ယားစစ်တပ်ဂိတ်တွင် ထပ်မံပိတ်ဆို့လိုက်သောကြောင့် ဆန်အဝင်မရှိတော့ဘဲ ဆန်ပြတ်လပ်လာသည့်အထိ ကြုံတွေ့နေရသည်ဟု လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦး KNG ကိုပြောသည်။

မနေ့က အထိတော့ ဆန်တွေအိတ်လိုက်နဲ့ ဝယ်လို့ရသေးတယ်။ ဒီိမနက်မှာတော့ အိတ်လိုက်နဲ့ဆိုမရောင်းပေးတော့ဘူး။ ပြီးတော့ ဆန်ဆိုင်တွေလည်း ပိတ်ထားကြတယ် တစ်ချို့ကတော့ ဖွင့်တော့ ဖွင့်တယ် အိတ်လိုက်မရောင်းတာပဲရှိတယ်။ ဆန်သည်တွေပြောတာက ဆန်တွေမဝင်တော့လို့တဲ့ဟုပြောသည်။

ယမနေ့အထိ ငွေတိုးဆန်တစ်အိတ်တွင် ၁၀၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ် ၁၅၀၀၀၀ အထိ စျေးမြင့်တက်သွားခဲ့ပြီး ယနေ့တွင် ဆန်ပြတ်လပ်လာသည့်အထိ ကြုံတွေ့နေရသည်ဟုသိရသည်။

ငွေတိုးနဲ့ ချင်းတုံးဆိုရင် တစ်အိတ်ကို တစ်သိန်းတစ်သောင်းအထိရှိတယ်။ ပေါ်ဆန်းမွေးကတော့ ၁ သိန်းခွဲအထိရှိသွားပြီ။ ဒါတောင် အိတ်လိုက်မရောင်းတော့ဘူး။ တစ်ပြည်နဲ့ နှစ်ပြည် အဲ့လောက်ပဲ ရောင်းပေးတော့တယ်။ ကိုယ်က အိတ်လိုက်ဝယ်ချင်ရင်တောင် မရောင်းပေးတော့ဘူးနောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

ဖားကန့်မြို့သို့ ဆန်တင်ပို့ခွင့်ကို စစ်တပ် နယ်လုံဝန်ကြီး၏အမိန့်အရ တားမြစ်ထားဟုလည်းသိရသည်။

လက်ရှိတွင် ဖားကန့်ဘက်သို့ တက်လာသည့် ကုန်တင်များကိုလည်း နန့်ယားစစ်တပ်ဂိတ်တွင် စစ်ဆေးမှုပြုလုပ်ကာ ဆန်ပါသည့် ကားသမားများကို သယ်ယူခွင့်တားမြစ်ထားသည်ဟုသိရသည်။

ဆန်ကားကလုံးဝအဝင်မခံဘူးဗျ။ ကျနော်လည်းအသိကားသမားတစ်ယောက်ကိုအိမ်မှာစားဖို့ဆိုပြီး အောက်ပိုင်းကနေ ဆန်တစ်အိတ်မှာလိုက်တာ တင်တော့တင်လာပြီး နန့်ယားဂိတ်မှာမဝင်ခိုင်းဘူး တောင်းပန်လည်းမရဘူး။ နန့်ယားက အိမ်တစ်အိမ်မှာပဲ ထားခဲ့ရတယ်ဖားကန့်လမ်းပိုင်းတွင် မောင်းနင်နေသည့် ကားသမားတစ်ဦးနှင့် ရင်းနှီးသူက ပြောသည်။

အလားတူ ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီသယ်ယူခွင့်ကိုလည်း ပိတ်ထားသောကြောင့် လက်ရှိဖားကန့်မြို့တွင် ဓာတ်ဆီတစ်ဂါလံ ၁၉၀၀၀ ကျပ်အထိ စျေးတက်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ယခုကဲ့သို့ ဖားကန့်မြို့နယ်အတွင်း ဆန်နှင့် စက်သုံးဆီများ တင်ပို့ခွင့်ကို စစ်ကောင်စီဘက်မှ ပိတ်ဆို့ထားခြင်းသည် စစ်တပ်ဂိတ်နေရာများ မကြာခဏတိုက်ခိုက်ခံရသည့်အတွက် ပိတ်ဆို့နေခြင်းလည်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ချို့က သုံးသပ်ပြောဆိုနေကြသည်။

ယမန်နေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်အချိန်တွင်လည်း ဖားကန့် ဆိုင်းတောင်ရှိ ရဲတပ်ရင်း ၃၀ တိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်ကလည်း ဖားကန့်မြို့နယ်အတွင်း ဆန်နှင့် စက်သုံးဆီကား ဝင်ရောက်ခွင့်ကို စစ်ကောင်စီကပိတ်ထားရာ ဆန်တစ်အိတ် ၁သိန်းခွဲဝန်းကျင်၊ စက်သုံးဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button