သတင်း

ကန့်ဘလူတွင် သုံးရက်အတွင်း ကျေးရွာ ၃ ရွာမှ နေအိမ် ၂၄၈ လုံး မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ ၃ ရွာမှ နေအိမ်၂ ၄၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကောင်စီ စစ်ကြောင်း နှစ်ကြောင်းသည် ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ မြေမွန်ကျေးရွာ၊ သရော်ကိုင်းကျေးရွာနှင့် ကန့်ဘလူမြောက်ဘက်ခြမ်းရှိ ချောင်းကြားကျေးရွာတို့ကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကန့်ဘလူတောင်ဘက်ခြမ်းက ၂ ရွာနဲ့မြောက်ဘက်ခြမ်းကတစ်ရွာရှို့ခံရတာပါ မြေမွန်ရွာက နေအိမ်၂၁၈လုံး၊ သရော်ကိုင်းက နေအိမ်၁လုံးရှို့ခံရတယ် ပြီးတော့လက်နက်ကြီးထိမှန်လို့ နေအိမ်တစ်လုံးပျက်ဆီးခဲ့ရပါတယ်။ မြောက်ဘက်ခြမ်းကတော့ ချောင်းကြားကျေးရွာပါ နေအိမ်၂၈လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ် မီးရှို့ခံရတဲ့ထဲမှာ စပါးကျီတွေလည်းပါသွားတယ်လို့သိရတယ် ဒါပေမဲ့ ဘယ်လောက်ဆိုတာတော့ အတည်မပြနိုင်သေးပါဘူးဟုပြောသည်။

ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုကို မီးရှို့ခဲ့သည့် စစ်ကြောင်းမှာ ခမရ ၃၆၉ မှ  အင်အား၈၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး မြောက်ဘက်ခြမ်းရှိ ချောင်းကြား‌ကျေးရွာကို မီးရှို့ခဲ့သည့်စစ်ကြောင်းမှာ ပေကုန်း(တောင်)ရွာ မှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

မီးရှို့ခံခဲ့ရသည့် ကျေးရွာ ၃ ရွာထဲမှ ချောင်းကြား‌ကျေးရွာသည် သုံးကြိမ်မြောက်မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ သုံးကြိမ်အတွင်း နေအိမ် ၅၉လုံး မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတွင် နေအိမ် ၄၃၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးနေရသူ ၆ သိန်းခွဲဝန်းကျင်ရှိကြောင်း Data For Myanmar နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)  စာရင်းအရ သိရသည်။

Show More

Related Articles

Back to top button