သတင်း

အင်းတော်တွင် PDF ဟုစွပ်စွဲခံရ အမျိုးသား ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ဖြစ်သည်ဟု စွပ်စွဲဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီအဖွဲ့မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ကမ်းနီရွာသားတစ်ဦးဖြစ်သည့် အသက် ၂၆ နှစ်အရွယ်ရှိ ဦးမင်းမင်းဦး()ကိုလမင်းခေါ်သူကို စစ်ကောင်စီိအဖွဲ့က PDF ဖြစ်ကြောင်းဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၂၀ ကျော်ခန့်အကြာမှ ပုဒ်မ ၅၀()ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ကြောင်း အင်းတော်ဒေသခံတစ်ဦး KNG ကိုပြောသည်။

အမိန့်ချတာက ၂၆ ရက်နေ့ကဟုတ်တယ်။ အင်းတော်စစ်ခုံရုံးကနေ ချလိုက်တာ တစ်သက်တစ်ကျွန်းလို့ပြောတယ်။ ဒီကနေ့အထိတော့ သူ့ရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်မပေးသေးဘူး။ ပြီးရင် အမိန့်သာချထားတယ် ထောင်ကိုလည်းမပို့သေးဘူးဟုပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တောထဲမှ အင်တော်မြို့သို့ခေတ္တသွားလာစဉ် စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီးနောက် စစ်တပ်လော်ဘီသတင်းများတွင်လည်း အဆိုပါ အမျိုးသားကို PDF အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ ကစ္စနှင့်ပတ်သက်ပြီး PDF ဖြစ်သည်ဟု စွပ်စွဲခံရသည့်အပေါ် အဆိုပါအမျိုးသားသည် PDF နှင့် ဆက်နွယ်မှုမရှိသည့်အပြင် သာမာန်ပြည်သူတစ်ဦးသာဖြစ်ကြောင်းသိရသည်။

သူက PDF တွေမဟုတ်ပါဘူး သာမာန်မီးသွေးဖုတ်တဲ့သူတွေပါ။ သူဖမ်းခံရတာတောင် သူ့ရဲ့ မိသားစုတွေတောင်မသိဘူး တောထဲမှာ မီးသွေးဖုတ်နေတယ်လို့ပဲ သိထားကြတာ။ အဲ့ဘက်က လိုင်းလည်းမရဘူးဆိုတော့ မီဒီယာတွေကနေ တဆင့်အကြောင်းကြားလာမှသာ သူ့မိသားစုတွေက သိကြတာဟုပြောသည်။

အင်းတော်နယ်တွင် စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံထားရသူ ၆၀ ကျော်ရှိသည့်အနက် ၄၀ ဦးခန့်မှာ အမိန့်မချဘဲ အင်တော်စစ်တပ်ကုန်းတွင်သာ ဖမ်းဆီးထားပြီး ယခုအမျိုးသားမှာ အင်းတော်နယ်တွင် တစ်သက်တစ်ကျွန်းအဖြစ် ထောင်ဒဏ်ချမှတ်ခံရသူ ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button