နေအိမ် အလုံး ၃၀ လုံးကို KIA/PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

ရွှေကူမြို့နယ်၊ ကျောက်တစ်လုံးရွာရှိ နေအိမ် အလုံး ၃၀ လုံးကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှား ဖြန့်ထားသည်ကို တွေ့ရသည်။

‘Ko Thet’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် မတ်လ ၅ ရက်နေ့ ည ၁၀ နာရီခန့် စတင်ရေးသားဖြန့်ဝေခဲ့ပြီး ယခုအချိန်တွင် ပြန်လည်မျှဝေသူ ၁၉၇ ယောက်အထိ ရှိနေပြီ ဖြစ်သည်။

ထို့အပြင် အဆိုပါ သတင်းအမှားကို ‘Kachin Daily News, Min Maung, Myanmar Won, ကပ္ပတိန်အောင်ဒိုး, ခိုင်မြဲ’ စသည့် စစ်တပ်ထောက်ခံသော ဖေ့စ်ဘုတ်အကောင့်များနှင့် ‘Ko Khant, မှိုင်းဝေ, သတင်းအားမာန်, Kyaw Swar’ အစရှိသည့် တယ်လီဂရန်ချန်နယ်များတွင် ထပ်မံ ဖြန့်ဝေထားသည်။

သူ၏ ဖော်ပြချက်တွင် “ယနေ့ မတ် ၅ ရက်နေ့ မနက် ၉ နာရီခန့်မှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်တလုံးရွာအား KIA/PDF များ မီးရှို့ဖျက်ဆီးခဲ့…အိမ်ခြေ ၁၆၂လုံးရှိသည့်အနက် ၃၀ လုံးခန့် မီးလောင် ကျွမ်း ခဲ့ပြီး မီးလောင်နေသည့်အိမ်များအား တပ်နှင့်အတူ ကျေးရွာနေပြည်သူများ မှမီးငြိမ်းသတ် ခဲ့ရ… တော်တော်ဒုက္ခပေးတဲ့ သူပုန်တွေ” ဟု ရေးသားထားသည်။

Kachin News Group သတင်းဌာနမှ ဒေသခံများကို မေးမြန်းချက်အရ အဆိုပါ ကျေးရွာနေအိမ်များကို မီးရှို့ခဲ့သူမှာ စစ်ကောင်စီတပ်ဖွဲ့ဖြစ်သည်ဟု ပြောဆိုသည်။

“ရွာကို မီးမရှို့ခင်ရှေ့ရက်က ကျောက်တလုံးနားမှာ တိုက်ပွဲ ဖြစ် တယ်။ သူတို့စစ်ကြောင်း တိုက်ခိုက်ခံရပြီး နောက် ရွာကိုဝင်ပြီးမီးရှို့ တော့တာ။ အရင်အုပ်ချုပ်ရေးမှူးဟောင်း ဖိုးရှူနဲ့ ဒေါ်ကြင်ရွှေအဲ့နှစ်အိမ်ကနေ စရှို့တာတဲ့။ အဲ့ကနေတဆင့်မီးကူးပြီး လောင်သွားတာ KIA ၊ PDF တွေနဲ့ အချိတ်အဆက်ရှိလို့ဆိုပြီး ရှို့တာလို့ သိရတယ်” ဟု ကျောက်တစ်လုံး ကျေးရွာမှ အမျိုးသားဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ရွှေကူမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာက နေအိမ်အလုံး ၃၀ လုံးကို KIA နှင့် PDF တပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသော ဖော်ပြချက်မှာ သတင်းအမှားသာဖြစ်သည်။

ယခုအချိန်တွင် စစ်ကောင်စီကို ထောက်ခံသူများသည် စစ်အာဏာရှင်အမြစ်ဖြုတ်ရန် ဆန့်ကျင်တော်လှန်နေကြသော အစုအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ ပြည်သူများအကြား အထင်မှားအမြင်မှားအောင် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများကို ဖေ့စ်ဘုတ်၊ Telegram များတွင် ဖြန့်ဝေနေကြသဖြင့် စာဖတ်ပရိသတ်များ သတိပြုသင့်ပါသည်။

Show More
Back to top button