ဝက်လက်တွင် ၅ ရက်အတွင်း ပြည်သူ ၁၅ ဦးထက်မနည်း သတ်ဖြတ်ခံရပြီး ကျေးရွာ ၈ခု မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ၅ ရက်အတွင်း ကျေးရွာပေါင်း ၈ ခု မှ လူနေအိမ် ၆၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံပြည်သူ ၁၃ ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း သတ်ဖြတ်ခံရကြောင်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ကာ ရွှေဘိုမြို့နယ် နှင့် အရောတော်မြို့နယ်တို့ဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဝက်လက်နယ်၏ မြောက်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို စစ်ကြောင်း ၄ ခုခွဲကာ ရွာစဉ်မီပတ်ရှို့နေပြီး ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network တာဝန်ရှိသူ တစ်ဦးကပြောသည်။
“၂၈ရက်နေ့က မုဆိုးခြုံကျေးရွာက အဘိုးအိုတစ်ယောက်ရဲ့ ခေါင်းကိုပစ်သတ်သွားတယ် ခေါင်းအုံးခွံကြီးပွင့်သွားတာ နောက်ထပ်အဲ့ နေ့ညမှာပဲ ဘိုတဲရွာကိုမီးရှို့ရင်း အဘွားအိုတစ်ဦးမီးထဲပါသွားတယ်။နောက်တော့ အရာတော် ဘက်ကလာတဲ့ စစ်ကြောင်းက ဝက်လက်အနောက်ခြမ်းကကျီးကန်ကိုဝင်ရှို့တယ်။ အဲ့မှာ ပြည်သူ ၁၁ ယောက်နဲ့ PDF ၂ဦးကလည်း သတ်ဖြတ်ခံခဲ့ရပါတယ်”ဟုပြောသည်။
မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများသည် မုဆိုးခြုံဘူတာ၊ ဘိုတဲကုန်းရွာ၊ အောင်ချမ်းသာ၊ သခွတ္တော၊ ကျီးကန်တောင်၊ တည်တော၊ စိုင်နိုင်ကြီးနှင့် နိုင်လေး စသည့်ကျေးရွာ ၈ ရွာ အိမ်ခြေ ၆၇၈ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၁၅ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု Wetlet Informational Networkမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အထက်ပါ ဖော်ပြခဲ့သည့်ကျေးရွာအပြင် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်နေသည့်ရွာများ၊ စစ်ကြောင်းအနီးပတ်ဝန်းကျင်ရှိကျေးရွာများ မီးဘေးသင့်ခဲ့သည့် ကျေးရွာ ၁၅ ရွာထက်မနည်းရှိနေပြီး ဒေသခံ သောင်းချီထွက်ပြေးတိမ်းရှောင်နေရသောကြောင့် စစ်ရှောင်များအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်းလည်းသိရသည်။
ထို့နောက် ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်နှင့်မီးဘေးသင့်ပြည်သူများကို တစ်စုံတစ်ရာကူညီလိုဒါန်းလိုပါက Wetlet Informational Network ဖေ့ဘုတ်စ်ပေ့ချ်မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုသည် ပိုမိုဆိုးရွားလာလျှက်ရှိသည့်အပြင် နိုင်ငံတကာ စစ်ရာဇဝတ်မှုများကိုလည်း နေ့စဉ်ကျူးလွန်နေဆဲဖြစ်သည်။