စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များ မောင်းထုတ်ခံရပြီး ပြည်သူ ၄၀ ကျော်ဖမ်းဆီးသွား

ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ရေးတင်းမာနေမှုကြောင့် ရွှေကူမြို့ပေါ်ဘက်သို့ တိမ်းရှောင်လာသည့် ကျေးရွာနေပြည်သူများအား စစ်ကောင်စီအဖွဲ့က နေရပ်ပြန်ကြရန် မောင်းထုတ်နေပြီး ၄၀ ဦးထက်မနည်းလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့သည့် ရေလဲ၊ စီမူလေး၊ စီိမူကြီး၊ ငှက်တံတား၊ စီသောင်း စသည့် ကျေးရွာနေပြည်သူများသည် လက်ရှိ ရွှေကူမြို့ပေါ် ဘုန်းကြီးကျောင်းနေရာများတွင် တိမ်းရှောင်နေကြရပြီး စစ်ကောင်စီ စစ်သားနှင့်ရဲတပ်ဖွဲ့တို့က အိမ်စီးများဖြင့်  နေရပ်ပြန်ကြရန် လာရောက်ပြောဆိုသွားသည်ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

မနေ့က ညနေပိုင်းမှာ လာမောင်းထုတ်နေတာ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြတဲ့ လူတွေအားလုံး ကိုယ့်အိမ်ကို ကိုယ်ပြန်ကြဖို့ လာပြောသွာားတယ်။ အိမ်စီးကားတွေနဲ့ ရဲကော စစ်သားတွေကော ၂၀ လောက်ရှိတယ်။ အဲ့ကြောင့် အဲ့မှာတိမ်းရှောင်နေကြတဲ့ သူတွေက တစ်ချို့က ပြန်ကြသလို တစ်ချို့က မပြန်သေးဘူးလို့သိရတယ်ဟုပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် ရွှေကူမြို့ပေါ် ရှိ ရေဝန်းဘုန်းကြီးကျောင်း၊ ဇေလီဘုန်းကြီးကျောင်း စရှိသည့် ဘုန်းကြီးကျောင်း ၄ နေရာတွင် တိမ်းရှောင်နေကြစဉ် မောင်းထုတ်ခံရသဖြင့် ယနေ့နံနက်ပိုင်းတွင် တိမ်းရှောင်နေသည့် ဘုန်းကြီးကျောင်းများမှ စွန့်ခွာသွားကြပြီး နေရပ်ပြန်ကြသလို  ငွေကြေးတတ်နိုင်သည့် မိသားစုများက မြို့တွင်းနေရာများတွင် ရွှေ့ပြောင်းနေထိုကြသည်ဟုသိရသည်။

စစ်သားနှင့်ရဲတပ်ဖွဲ့တို့သည် တိမ်းရှောင်နေသည့် စစ်ရှောင်များကို လာရောက်မောင်းထုတ်စဉ် ပြည်သူ ၄၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်လာခြင်းမရှိသည့်အပြင် မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရကြောင်း အမျိုးသမီးက ဆက်ဆိုသည်။

အမျိုးသမီးတွေကာ အမျိုးသားတွေကော ဖမ်းသွားတာ သူတို့ခေါ်သွားတဲ့ သူတွေက လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေပဲ ဒီကနေ့အထိတော့ မလွတ်လာသေးဘူး။ ပြီးရင် ဘယ်နေရာမှာ ဖမ်းခေါ်ထားမှန်းလည်း မသိဘူး။ စစ်တပ်ထဲမှာလား ရဲစခန်းထဲမှာ ဘယ်သူမှမသိရဘူးဆိုသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်းမှ  ပြည်သူ ၄၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အထဲတွင် စီသောင်းကျေးရွာမှ ၂၀ ဦး၊ ငှက်တံတားကျေးရွာ ၃ ဦး၊ စီမူလေး ကျေးရွာမှ ၃ ဦးနှင့် ရေလေး၊ စီမူကြီး ကျေးရွာ ၂ခုမှ ၂၀ ဦး စုစုပေါင်း ၄၀ ကျော်ကို အထိရှိကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့မှစတင်ကာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ မံဝိန်း၊ ငှက်တံတား၊ ဝင်ဝ၊ စီသောင်၊ စီိမူလေး စသည့်ကျေးရွာများတွင် တပ်မ ၇၇ ၊ တပ်မ ၁၀ ပူးပေါင်းတပ်တို့က စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အဆိုပါ ကျေးရွာနေပြည်သူများသည် ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။

ရွှေကူမြို့နယ်တွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အတွက်ကြောင့် ယခုလို စစ်ရေးဖိနှိပ်မှုများပိုမို တင်းကြပ်လာခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

တိုက်ပွဲဖြစ်ပွားမှု မတ်လ ၂၃ ရက်နေ့ ငှက်တံတား ကျေးရွာအနီးတစ်ကြိမ်၊ မတ်လ ၂၄ ရက်နေ့ နောင်လတ်ကြီး အနီးတစ်ကြိမ်၊ မတ်လ ၂၆ ရက်နေ့ စီမူလေးကျေးရွာအနီးတစ်ကြိမ်နှင့် မတ်လ ၃၀ ရက်နေ့ စီမူလေးနှင့် စီမူကြီး ကျေးရွာ ၂ ခုကြားတွင် တစ်ကြိမ် စုစုပေါင်း ၄ ကြိမ်ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button