လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကားမိုင်းတွင် ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့အဝင် ယခင် စစ်တပ်ဂိတ်ရှိသည့်နေရာတွင်  စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်သားများက ဖားကန့်တက်လာသည့် ကုန်ကားသမားတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် အသက် ၃၀ နှစ်အရွယ်ရှိသူ ကိုမိုက်မိုက်ဆိုသူသည် မိုးကောင်းဘက်မှ ဖားကန့်ဘက်သို့ တက်လာစဉ် တားမြစ်ခံရပြီး KIA နှင့် PDF အဖွဲ့ ဖြစ်သည်ဟု စွပ်စွဲပြောဆိုကာ ပစ်သတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူ ပြည်သူတစ်ဦးက KNG ကိုပြောသည်။

အခုဆုံးသွားတဲ့သူက ဖားကန့်ဘက်ကို တက်လာတာဟုတ်တယ်။ သူက မိုးကောင်းမှာလည်းနေတယ် ဖားကန့်မှာလည်း နေတယ်။ လမ်းမှာ လဝါးနဲ့ ကားမိုင်းကြားမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေက တားတာ သူမောင်းလာတဲ့ ကားက အရှိုန်လွန်သွားတာထင်တယ်။ အဲ့အချိန်မှာ တစ်ခါထဲ မေးမြန်းပြီးတော့ သတ်ပစ်လိုက်တာ။ သူတို့က PDF ဘာညာစွပ်စွဲပြီးမှ သတ်လိုက်တယ်လို့ ပြောတာပဲဟုပြောသည်။

သတ်ဖြတ်ခံရသည့် ကိုမိုက်မိုက်၏ ရုပ်လောင်းကို ကားမိုင်းစစ်တပ်ကုန်းကို သယ်ယူသွားကြပြီး သူ၏ မိသားစုဝင်များက ရုပ်အလောင်းထုတ်ပေးရန် သွားရောက်တောင်းဆိုခဲ့ကြသော်လည်း ထုတ်ပေးမှုမရှိကြောင်း သူဆက်ဆိုသည်။

သတ်ဖြတ်မှုဖြစ်ပွားခဲ့သော နေရာသည် ကားမိုင်းလမ်းဆုံနေရာတွင်ဖြစ်ပြီး ယခင် စစ်တပ်ဂိတ်ထားရှိသည့်နေရာဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့က မကြာခဏ သွားရောက်ပစ်ခတ်မှုများရှိခဲ့သောကြောင့် ထိုနေရာရှိ စစ်တပ်ဂိတ်နေရာကို ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

သို့သော် လက်ရှိထိုနေရာတွင် ကားမိုင်း စစ်တပ်ကုန်းမှ စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ကုန်တင်ကားများကို တားမြစ်၍ ငွေကြေးကောက်ခံမှုများရှိနေသဖြင့်  ယခုလို သတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

Show More

Related Articles

Back to top button