စင်းခန်းတံတား ဘာကြောင့်အရေးကြီးလဲ၊ ဒုတိယအကြိမ် ဧရာဝတီရေကြောင်းစစ်ကြောင်း ဘယ်ကိုဦးတည်နေလဲ
ဒုတိယအကြိမ်တက်လာသည့် ရေယာဥ်တချို့ ကသာကိုကျော်လာ
မန္တလေးဂေါဝန်ဆိပ်ကမ်းဘက်မှ ဒုတိယအကြိမ် ဆန်တက်လာသည့် ရေယာဉ်အုပ်စုထဲမှ ရေယာဉ် ၄ စီးသည် ကသာမြို့တွင် တစ်ညအိပ်ရပ်နားပြီးနောက် စက်တင်ဘာလ ၈ ရက် ယနေ့နံနက်တွင် ဧရာဝတီမြစ်အတိုင်း အထက်ဘက်သို့ ဆက်လက်ဆန်တက် သွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောသည်။
၎င်း၏ပြောဆိုချက်အရ အဆိုပါရေယာဉ်များအနက် စစ်သင်္ဘောတစ်စီးပါဝင်ပြီး ကျန် ၃ စီးမှာ ဒေသအခေါ် CB တွဲသင်္ဘောများ ဖြစ်သည်။
တွဲတွန်းရေယာဉ် ၂စီးနှင့်ဖလပ်သံခွန် တစ်စီးတွဲထားသည့်အစုလိုက်ကို CB တွဲသင်္ဘောတစ်စီးအဖြစ် တော်လှန်ရေးအင်အားစု များက ရေတွက်သည်။
“မနေ့ညက ၄ စီး ကသာကို ကမ်းကပ်တယ်။ မနေ့ညက ကသာမှာအိပ်တယ်။ ဒီမနက်တော့ ဆက်ပြီးဆန်တက်နေပြီပြောတယ်။ စစ်သင်္ဘောက တစ်စီးပဲ။ ပြီးတော့ တွဲတွန်းနဲ့ ဖလပ်သံခွန်တွဲလျက်ကို ကျနော်တို့က တစ်စီးတွက်တာ။ အဲ့တာမျိုးက ၃ စီး”ဟု ကသာဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်သင်္ဘောတချို့သည် ကသာမြို့အထက်ပိုင်း ဧရာဝတီမြစ်ကမ်းဘေးရှိ မိုးတားလေးနှင့် ဗောဓိကုန်းကျေးရွာများ ဘက်တွင်ရောက်ရှိနေပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဒေသတွင်းမှ ရရှိထားသည့် အချက်အလက်များအရ ရေယာဉ်အုပ်စုတွင် ပါဝင်သည့် တိုက်ခိုက်ရေးရေယာဉ်တစ်စီးက မြစ်ကမ်းဘေးကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး Y-12 လေယာဉ်ဖြင့်လည်း အဆိုပါဒေသကို လေကြောင်း မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် မိုးတားလေးနှင့် ဗောဓိကုန်းကျေးရွာများအတွင်း မီးလောင်မှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။ သို့သော် တခြားသောရေယာဥ်အုပ်စုများမှာ ထီးချိုင့်၊တကောင်းစသည့်နယ်များတွင်သာ ရှိနေသေးသည်ဟုသိရသည်။
ပထမအကြိမ်တက်လည်သည့် စစ်သင်္ဘောအုပ်စုသည် ရွှေကူနှင့် ဗန်းမော်ကြားတွင် တိုက်ခိုက်ခံရပြီး ရေယာဉ်နှင့် လူအင်အား ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ရက်အကြာတွင် စစ်တပ်ဘက်က ရေယာဉ်အုပ်စုအသစ်တစ်ခုကို ထပ်မံပို့ဆောင်လာခြင်း ဖြစ်သည်။
စင်းခန်းတံတား ဗုံးကြဲခံရမှု
လက်ရှိ ဒုတိယအကြိမ် ရေယာဉ်အုပ်စု ဆန်တက်လာနေချိန်တွင်ပင် ရွှေကူနှင့် ဗန်းမော်ကြားရှိ စင်းခန်းဒေသတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်က စင်းခန်း ဧရာဝတီမြစ်ကူး ကားနှင့်ရထားသွား သံမဏိသံဘောင်တံတားကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
တိုက်ခိုက်မှုကြောင့် တံတားအရှေ့ဘက်ခြေရင်းပိုင်းတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ကားလမ်းပိုင်းတွင် ကားတစ်စီးစာခန့် အပေါက်ဖြစ်သွားခဲ့သော်လည်း အသုံးပြုနိုင်သေးသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ရထားလမ်းပိုင်းမှာမူ ထိခိုက်ပျက်စီး ခဲ့ပြီး လက်ရှိတွင် အသုံးပြု၍မရသည့် အခြေအနေရှိနေကြောင်း သိရသည်။
စင်းခန်းသည် ရွှေကူနှင့် ဗန်းမော်ကြားတွင် တည်ရှိနေပြီး ကသာဘက်မှ ကချင်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်သည့် ကုန်းလမ်းနှင့် ဧရာဝတီမြစ်ကြောင်း နှစ်ခုစလုံးနှင့် ဆက်စပ်နေသည့်နေရာဖြစ်သည်။
ကားနှင့်ရထား နှစ်မျိုးလုံး ဖြတ်သန်းသွားလာနိုင်သည့် စင်းခန်းတံတားသည် ဒေသတွင်းကုန်းလမ်းဆက်သွယ်ရေးအတွက် အရေးပါသလို အနီးတစ်ဝိုက်သည် ဧရာဝတီမြစ်ကြောင်းမှ ဗန်းမော်ဘက်သို့ ဆန်တက်သည့် ရေယာဉ်များ ဖြတ်သန်းရသည့် ဒုတိယမြစ်ကျဉ်းအနီးတွင်လည်း တည်ရှိနေသည်။
သို့သော် စင်းခန်းဒေသတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် တံတားပျက်စီးမှုအခြေအနေကို မြေပြင်တွင် သွားရောက်စစ်ဆေးရန် ခက်ခဲနေပြီး ပျက်စီးမှုအတိုင်းအတာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စင်းခန်းသည် ကသာဘက်မှလာသည့် အဓိကလမ်းကြောင်းနှင့် ဆက်စပ် နေပြီး ရွှေကူနှင့် ဗန်းမော်ကြားတွင် အလယ်ပိုင်းကျသည့် နေရာဖြစ်သောကြောင့် စစ်ရေးအရ အရေးပါသည့်နေရာတစ်ခု ဖြစ်ကြောင်း သုံးသပ်သည်။
“စင်းခန်းတံတားကတော့ ဗျူဟာကျပါတယ်။ အရေးကြီးပါတယ်။ ကသာဘက်နေလာတဲ့လမ်းမကြီးလည်းဖြစ်နေပါတယ်။ သူ့ရဲ့ စီမံကိန်းထဲမှာ တရုတ်ပြည်ဘက်ကိုဖောက်သွားတဲ့လမ်းလည်းဖြစ်ပါတယ်။ ဗန်းမော်နဲ့ရွှေကူကြားမှာတော့ စင်းခန်းက အလယ် ကျနေတာ။ အဲ့တာကြောင့် သူတို့ ထိုင်နိုင်လို့ရှိရင်တော့ သူတို့ရဲ့သွားရေးလာရေးပေါ့နော်။အစစအရာရာမှာအဆင်ပြေမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။”
သူ၏ သုံးသပ်ချက်အရ စင်းခန်းဒေသကို ထိန်းချုပ်နိုင်ပါက ရွှေကူနှင့် ဗန်းမော်ကြား သွားလာရေးနှင့် စစ်ဆင်ရေးများအတွက် အရေးပါသည့် အခြေအနေတစ်ခု ဖြစ်လာနိုင်သည်။
ထို့ကြောင့် လက်ရှိ စစ်တပ်၏ ဒုတိယအကြိမ် ရေကြောင်းလှုပ်ရှားမှုနှင့် စင်းခန်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေ တို့သည် ရွှေကူ–ဗန်းမော်လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် မည်သို့ဆက်စပ်နေသည်ဆိုသည်ကို စောင့်ကြည့်စရာ ဖြစ်လာနေသည်။
ပထမအကြိမ် စစ်သင်္ဘောအုပ်စု
လက်ရှိ ဒုတိယအကြိမ် ရေယာဉ်အုပ်စု ဆန်တက်လာခြင်းမတိုင်မီ ဩဂုတ်လ ၂၁ ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ရေယာဉ် ၁၅ စီးခန့်ပါဝင်သည့် စစ်သင်္ဘောအုပ်စုတစ်ခု ကချင်ပြည်နယ်ဘက်သို့ စတင်ဆန်တက်လာခဲ့သည်။
အဆိုပါရေယာဉ်အုပ်စုသည် သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နှင့် ကသာမြို့များကို ဖြတ်သန်းကာ ရွှေကူဘက်သို့ ရောက်ရှိလာ ခဲ့သည်။
သို့သော် ရွှေကူနှင့် စင်းခန်းဒေသတစ်ဝိုက်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို ဆက်တိုက်ခံခဲ့ရပြီး ရေယာဉ် တချို့ ပျက်စီးခြင်းနှင့် နစ်မြုပ်ခြင်းများ ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
တိုက်ပွဲများအတွင်း စစ်သင်္ဘောအုပ်စုနှင့်အတူ လိုက်ပါလာသူများအနက် ၂၀၀ နီးပါး အလံဖြူထောင်၍ လက်နက်ချခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
KIA ရှေ့တန်းသတင်းရင်းမြစ်များ၏အချက်အလက်အရ ဖမ်းဆီးရမိသူ စုစုပေါင်း ၁၉၀ ဦးခန့်တွင် စစ်သားနှင့်စစ်မှုထမ်းစုဆောင်း ခံထားရသူအပါအဝင် ၁၅၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၇ ဦး၊ စစ်သားများ၏ ဇနီး ၁၆ ဦးနှင့် ကလေး ၆ ဦး ပါဝင်သည်ဟုသိရသည်။
သို့သော် အဆိုပါ လက်နက်ချခဲ့သူများနှင့်ပတ်သက်၍ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖမ်းဆီးရမိသူများ၏ အသေးစိတ်အခြေအနေကို စစ်ဆေးနေဆဲဖြစ်ကြောင်း အစောပိုင်းတွင် ပြောဆိုခဲ့ပြီး ၎င်းတို့ထဲတွင် တပ်မိသားစုဝင်များနှင့် အခြားအရပ်သားများ ပါဝင်နိုင်ကြောင်း သုံးသပ်ထားသည်။
“အဲ့ဒီကိစ္စကတော့ အသေးစိတ်တော့ မသိရသေးပါဘူး။ ဒါပေမဲ့ ခန့်မှန်းတာကတော့ သူတို့ တပ်မိသားစုတွေပေါ့နော်။ သူတို့တွေ တစ်ပါတည်း ပါသွားတာလည်း ဖြစ်နိုင်တာပေါ့။ အခုတက်သွားတဲ့ စစ်ကြောင်းထဲမှာ ဗန်းမော်မှာရှိနေတဲ့ဟာတွေက ရွှေကူဘက်မှာ စစ်ရှောင်နေတာကို အခုသင်္ဘောတက်နေတဲ့အချိန်မှာ ပါသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတော့ တိတိကျကျ မသိရသေးဘူးပေါ့နော်။ ဒါက ခန့်မှန်းတာပဲဖြစ်ပါတယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပထမအကြိမ် ရေကြောင်းစစ်ကြောင်းမှ ရေယာဉ်တချို့ ပျက်စီးခဲ့သော်လည်း တိုက်ခိုက်ရေးသင်္ဘော ၂ စီးနှင့် ကုန်တင်သင်္ဘော ၅ စီး စုစုပေါင်း ၇ စီးမှာ ဗန်းမော်မြို့အထိ ရောက်ရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဗန်းမော်ကိုပထမအကြိမ်စစ်သင်္ဘောကမ်းကပ်ပြီး နှစ်ရက်အကြာတွင် ဒုတိယအကြိမ် ရေယာဉ်အုပ်စု တက်လာ
ပထမအကြိမ် ရေကြောင်းစစ်ကြောင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် နှစ်ရက်အကြာတွင် မန္တလေးဘက်မှ ရေယာဉ်အုပ်စုအသစ်တစ်ခု ဧရာဝတီမြစ်ကြောင်းအတိုင်း မြောက်ဘက်သို့ ထပ်မံဆန်တက်လာသည်။
စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနှင့် ပေပင်ဆိပ်ကမ်းဘက်မှ စတင်ဆန်တက်လာသည့် အဆိုပါရေယာဉ် အုပ်စုတွင် စစ်သင်္ဘောအမျိုးအစား ရေယာဥ် ၄ စီးသာပါဝင်လာပြီး အများစုမှာ ဖလပ်သံခွန်များဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
မြစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေသည့် Yaypyin ၏ စက်တင်ဘာလ ၇ ရက်နေ့ ဖော်ပြချက်အရ အဆိုပါရေယာဉ်အုပ်စု တွင် စစ်သင်္ဘော ၂ စီး၊ တိုက်ခိုက်ရေးသင်္ဘော ၂ စီးနှင့် ဖလပ်သံခွန် ၂၉ စီး၊ စုစုပေါင်း ၃၃ စီးခန့် ပါဝင်နေသည်ဟု သိရသည်။
ပထမအကြိမ် ကချင်ပြည်နယ်ဘက်သို့ ဆန်တက်လာသည့် ရေကြောင်းစစ်ကြောင်းတွင် ရေယာဉ် ၁၅ စီးခန့်သာ ပါဝင်ခဲ့သော် လည်း ယခုဒုတိယအကြိမ်တွင် ရေယာဉ်အရေအတွက် ပိုမိုများပြားလာပြီး ဖလပ်သံခွန်များ အများအပြား ပါဝင်လာခြင်းက လက်ရှိရေကြောင်းလှုပ်ရှားမှု၏ ထူးခြားသည့် အခြေအနေတစ်ခုဖြစ်နေသည်။
ဝေမာသကြားစက်တွင် ကမ်းကပ်သည့် ဖလပ်သံခွန်များ
ဒုတိယအကြိမ် မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရေယာဉ်အုပ်စုထဲမှ ဖလပ်သံခွန် ၂၈ စီးသည် စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ထီးချိုင့်မြို့နယ် ဝေမာသကြားစက်ရုံအနီး၌ ကမ်းကပ်ခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ ဖလပ်သံခွန်များပေါ်တွင် သယ်ဆောင်လာသည့် ကျောက်မီးသွေးများကို ဝေမာဒေသတွင် ချရန် ပြင်ဆင်ခဲ့ကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယခုကဲ့သို့ ရေယာဉ်အများအပြား ဝေမာဒေသတွင် ရပ်နားကာ ကျောက်မီးသွေးများ ချရန်ပြင်ဆင်လာခြင်းသည် ထီးချိုင့်ဒေသရှိ တကောင်းနီကယ်စက်ရုံနှင့် ဆက်စပ်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်က သုံးသပ်ထားသည်။
တကောင်းနီကယ်စက်ရုံသည် ထီးချိုင့်ဒေသရှိ အရေးပါသည့် စက်မှုစီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည့်နေရာဖြစ်သည်။
ထို့နောက် စစ်တပ်က ၂၀၂၆ ခုနှစ် မတ်လအတွင်း စက်ရုံတည်ရှိရာဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း စက်ရုံမှာ လက်ရှိ အချိန်အထိ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ထို့ကြောင့် ယခုဒုတိယအကြိမ် ရေကြောင်းစစ်ကြောင်းနှင့်အတူ ကျောက်မီးသွေးအများအပြား သယ်ဆောင်လာပြီး ဝေမာ သကြားစက်တွင် ချရန်ပြင်ဆင်ခဲ့ခြင်းမှာ တကောင်းနီကယ်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် စွမ်းအင် သို့မဟုတ် စက်ရုံအသုံးပြုပစ္စည်းများ ပို့ဆောင်ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က သုံးသပ်ထားသည်။
ယင်းကြောင့် ဒုတိယအကြိမ် ဆန်တက်လာသည့် ရေယာဉ်အုပ်စု၏ လှုပ်ရှားမှုသည် ကချင်ပြည်နယ်ဘက်သို့ စစ်ရေးထောက်ပံ့မှု ပို့ဆောင်ရန်သာမက ထီးချိုင့်ဒေသရှိ စက်မှုလုပ်ငန်းများနှင့်လည်း ဆက်စပ်နိုင်ခြေရှိနေသဖြင့် ရေယာဉ်အုပ်စု၏ နောက်ထပ် ရွေ့လျားမှုနှင့် ကုန်တင်ပစ္စည်းများ၏ ဦးတည်ရာကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေသည်။
ပထမအသုတ် ဆုံးရှုံးမှုများကို ဖြည့်တင်းရန်လား
KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပထမအကြိမ် ရေကြောင်းစစ်ကြောင်းတွင် ရေယာဉ်များနှင့် သယ်ဆောင် လာသည့် ပစ္စည်းတချို့ ဆုံးရှုံးခဲ့ခြင်းကြောင့် ယခုရေယာဉ်အုပ်စုသည် ထပ်မံဖြည့်တင်းရန် ဖြစ်နိုင်သလို စစ်တပ်၏ မူလစီမံချက် အရ ပထမအသုတ်နှင့် ဒုတိယအသုတ်အဖြစ် စီစဉ်ထားခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“သူတို့ ပထမတစ်သုတ်ပေါ့နော် ဗန်းမော်တက်တာ အားလုံးကတော့မဝင်နိုင်ဘူး။ တချို့ကတော့ လမ်းမှာပျက်စီးသွားတာ၊ ရေထဲမှာမြုပ်သွားတာတွေလည်းပါတာပေါ့။ ပစ္စည်းတချို့ကလည်း ရေထဲမျှောသွားတာ။ ဒါကြောင့် ထပ်ဖြည့်တဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တယ်။ နဂိုက သူတို့စီမံကိန်းထဲမှာ ပထမအသုတ်၊ ဒုတိယအသုတ်ပုံစံနဲ့ သူတို့စီစဉ်ထားတာလည်းဖြစ်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူ၏ သုံးသပ်ချက်အရ စစ်တပ်သည် ရွှေကူနှင့် ဗန်းမော်ကြား လမ်းကြောင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် စင်းခန်းဒေသကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်လာနိုင်သည်။
လက်ရှိတွင် စင်းခန်းဒေသတစ်ဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို မန္တလေးဘက်မှ ဒုတိယအကြိမ် ဆန်တက်လာသည့် ရေယာဉ်အုပ်စုတချို့ကလည်း ကသာမြို့ကိုကျော်ကာ ကချင်ပြည်နယ်ဘက်သို့ ဆက်လက်ရွေ့လျားနေသည်။
စင်းခန်းဒေသ၏ ထိန်းချုပ်မှုအခြေအနေနှင့် ဒုတိယအကြိမ် ရေကြောင်းစစ်ကြောင်း မည်သည့်နေရာအထိ ဆက်လက်ရောက်ရှိ လာမည်ဆိုသည်မှာ ရွှေကူနှင့် ဗန်းမော်ဒေသ၏ လက်ရှိစစ်ရေးအခြေအနေတွင် ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေဖြစ်နေသည်။
By- အမိုး



