တိုက်ပွဲသတင်း

ထီးချိုင့်တွင် စစ်ကောင်စီတပ် နှင့် KIA ၊ PDF တိုက်ပွဲ ဆက်လက်ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF ပူး‌ပေါင်းတပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဧပြီလ  ၂ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင် သော်ကကျေးရွာ နှင့် ရတနာအောင်ကျေးရွာအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာခဲ့သဖြင့် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကုန်းကြောင်းက ထွက်လာတဲ့အဖွဲ့ရယ် ရေကြောင်းက ထွက်လာတဲ့အဖွဲ့ရယ် ပူးပေါင်းထားတဲ့ စစ်ကြောင်းပါ သော်ကနဲ့ ရတနာအောင်ကြားမှာ ထိတွေ့မှုဖြစ်တယ်။ အသံတွေလည်း တော်တော်ကြာကြာကြားနေရတာ ၁၀ နာရီဝန်းကျင်မှာ ဝေဟင်က လာပြီး ၇ ကြိမ်လောက်ဝဲပြီး ၆ ကြိမ်လောက်ပစ်သွားတယ်။ ရတနာအောင်ရွာ ဘုန်းကြီးကျောင်းကို ကျတယ်။ ဘုန်းကြီးကျောင်း ပျက်ဆီးသွားတယ်လို့ သိရတယ်ဟုဆိုသည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်တွင် ရတနာအောင် ကျေးရွာနှင့် ကပ်ယက် မယ်ဇလီကျေးရွာကို စစ်ကောင်စီတပ်များ မီးတင်ရှို့ခဲ့ရာ နေအိမ် ၈၀ ထက်မနည်း မီးလောင်ပျက်စီးသွားပြီး နောက်ထပ် ရတနာအောင်ကျေးရွာမှ နေအိမ် ၅ လုံးကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သူက ဆက်ပြောသည်။

နှစ်ဖက် ထိတွေ့ တိုက်ပွဲများတွင် KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင်မူ ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။

ထီးချိုင့်မြို့ပေါ်မှ ထွက်ခွာလာသော အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် အိမ်ခြေ  ၁၈၀၀ ကျော်ရှိသည့် ညောင်ပင်သာကျေးရွာကို သုံးရက်ဆက်တိုက် မီးတင်ရှို့ခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်ဆီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

မတ်လ ၃၁ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်ကုန်းကျေးရွာနှင့် ဝဲကြီး အင်ဒေါင်း ကျေးရွာ နှစ်ရွာအကြားကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု Tigyaing Revolution –TR မှ ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button