သတင်း

ဟူးကောင်းချိုင့်ဝှမ်းဒေသ မြေယာအရေးလှုပ်ရှားသူ ဦးလရှီးအောင်လတ် ကွယ်လွန်

ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ယခင် ယုဇနကုမ္ပဏီ သိမ်းယူခဲ့သော လယ်ယာမြေများကို ပြန်လည်ရရှိအောင် ၁၀ စုနှစ် တစ်ခုကြာ ကြိုးပမ်းကာကွယ်ခဲ့သူ ဦးလရှီးအောင်လတ် (Slg.Lashi Awng Lat) သည် ယနေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားပြီဟု သိရသည်။

အသက် ၆၉ နှစ်အရွယ် ဦးလရှီးအောင်လတ်သည် ၃ လခန့် နာမကျန်းဝေဒနာခံစားခဲ့ရပြီးနောက် ဧပြီလ ၄ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲတွင် ဝါရာဇွပ်ကျေးရွာရှိသူ၏ နေအိမ်တွင် ကွန်လွန်သွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက KNG ကိုပြောဆိုသည်။

ဦးလရှီးအောင်လတ်သည် ၂၀၀၆ ခုနှစ် ဟူးကောင်းဒေသသို့ ယုဇနကုမ္ပဏီစတင်ဝင်ရောက်လာချိန်မှစတင်ကာ ဒေသခံများ၏ မြေယာအခွင့်အရေးအတွက် ဦးဆောင်ခဲ့သူဖြစ်သည်။

ထို့အပြင် တနိုင်းလီဒိုလမ်းပေါ်တွင်ရှိသော ကျေးရွာ ၈ ခု၏  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလာအောင် ကိုယ်တိုင်အမြင်ဖွင့် ပို့ချမှုများ ဆောင်ရွက်ပေးနေသူဖြစ်ကြောင်းလည်း သိရသည်။

ယခုလို ဒေသဖွံ့ဖြိုးရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းသူ ဦးလရှီးအောင်လတ် ရုတ်တရက် ကွယ်လွန်သွားသည့်အပေါ် ဝမ်းနည်းမိကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ကျေးရွာဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သူ့ရဲ့ စေတနာ မေတ္တာတွေနဲ့ အမြဲအားတက်ပါဝင်သူတစ်ယောက်ဖြစ်တယ်။ ဒေသခံ ပြည်သူတွေအချင်းချင်းကြားမှာလည်း အမြင်တွေဖွင့်လာအောင် စည်းစည်းလုံးလုံးနဲ့အမြဲ ဦးဆောင် ကူညီပေးတယ်။ အရမ်းကို တာဝန်ကျေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ သူ့လိုအရေးပါတဲ့သူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အခါမှာ အရမ်းခံစားရတယ်။ သူ့လို ဦးဆောင်ပြီး လက်တွဲခေါ်မယ့် လူတစ်ယောက် နောက်ထပ် ပြန်ပေါ်လာဖို့ဆိုတာက မရှိတော့ဘူးဟုပြောသည်။

ဦးလရှီးအောင်လတ်သည် Mung Chying Rawt Jat (MRJ) အဖွဲ့အစည်း၏ ဟူးကောင်းဒေသ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် နေသူတစ်ဦးဖြစ်သလို တိုင်းရင်းသားတောင်သူအခွင့်အရေး လှုပ်ရှားသူအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button