တိုက်ပွဲသတင်း

ကန့်ဘလူတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံးနိုင်ပြီး ထိုထဲတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် ၃၀ ကျော်ပါဝင်နေ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလည်တိုက်နယ် ပဇီကြီးကျေးရွာတွင် ပြည်သူ့လုံခြုံရေးရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးသူ ၁၀၀ ကျော်အထိရှိနိုင်ပြီး ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်အများဆုံးပါဝင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်အချိန် ဂျက်လေယာဉ်ဖြင့်တိုက်ခိုက်မှု တစ်ကြိမ်၊ Mi 35 ရဟတ်ယာဉ်ဖြင့် ၄ ကြိမ် ထက်မနည်း တိုက်ခိုက်ခံရသဖြင့် အရပ်သားပြည်သူ အများအပြားသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

တိုက်လေယာဥ်ရယ် mi35ရယ်ကရှေ့ဆင့်နောက်ဆင့်ကိုပစ်သွားတာ အပြစ်မဲ့အရပ်သား၁၀၀လောက်သေဆုံး တယ်လို့ကြားရတယ် ၅၀လောက်ကထိခိုက်ဒဏ်ရာရတယ်လို့ကြားရတယ် လက်ရှိမှာတော့ မြေပြင်မှာ ရှင်းလင်းရေးတွေတော့လုပ်နိုင်ပေမဲ့ ရုပ်တွေကဖော်မရဖြစ်နေတာရယ် ရွာထဲကိုရွာသူရွာသားတွေ ပြန်မရောက် သေးလို့ အတိအကျတော့ ပြောဖို့ခက်နေသေးပါတယ်ဟုပြောသည်။

အရပ်သားပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှု ၁၀၀ ကျော်ထဲတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင် ၃၀ ဦးခန့်ပါဝင်သည်ဟု အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် ရောက်ရှိခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယခုလို ပြောဆိုသည်။

သူတို့ပစ်လိုက်တဲ့နေရာက ဒေသခံကအကုန်နီးပါးပါသွားတာ အကုန်လုံးနီးပါးကအဲ့ဒီကို ရောက် နေကြတာ ကျနော်တို့အခုထိရှာဖွေတွေ့ရှိထားတဲ့အလောင်းက ၁၀၀ကျော်ပြီ ဆေးရုံပို့ထားတာတွေထပ်ပို့ထား တာတွေရှိသေးတယ်ဗျ အိမ်ကလည်းလမ်းဘေးမှာပဲ သေဆုံးတဲ့ထဲ သုံးလေးနှစ်အရွယ်ကလေးကအစပါတယ် လူရွယ်လူလတ်အစုံပဲ ကတ္တရာလမ်းပေါ်ကအစ အသားစ၊ကိုယ်လက်ခေါင်းတွေပြတ်နေတာအတုံးအရုံးပဲပြောသည်။

ယနေ့ ဗုံးကျဲတိုက်ခိုက်ခံခဲ့ရသည့် ပဇီကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားနိုင်သည့် စစ်ကောင်စီ စစ်ကြောင်းများမရှိသည့်အပြင် စစ်ရေးနေရာလည်းမဟုတ်ဘဲ ယခုလို သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု  သတင်းအရင်းအမြစ်များကပြောသည်။

အဆိုပါ ပဇီကြီးကျေးရွာသည် အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့ပေါ်နှင့် ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့် မောင်းနင်းရကြောင်းလည်းသိရသည်။

Show More

Related Articles

Back to top button