နန့်ယားစစ်တပ်ဂိတ်တွင် စက်သုံးဆီများ ထပ်မံပိတ်ဆို့ထားသည့်အတွက် စက်သုံးဆီပြတ်လပ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ တင်သွင်းမည့် စက်သုံးဆီကားများကို နန့်ယားစစ်တပ်ဂိတ်တွင် သွားခွင့်ပိတ်ဆို့ထားသည့်အတွက် ဖားကန့်မြို့တွင် စက်သုံးဆီများပြတ်လပ်မှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။
နန့်ယားစစ်တပ်ဂိတ်တွင် ပြီးခဲ့သော ၄ ရက်နေ့နောက်ပိုင်း ဖားကန့်ကို တင်သွင်းမည့် ဓာတ်ဆီ၊ ဒီဇယ် တင်ကားများကိုတားမြစ်ထားသောကြောင့် ဧပြီလ ၁၂ ရက်နေ့မှစတင်ကာ စက်သုံးဆီများပြတ်လပ်မှုများဖြစ်ပေါ်လာခဲ့ရာ ယနေ့တွင် လုံးဝပြတ်တောက်သွားပြီဖြစ်ကြောင်း လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။
“ဒီဘက်မှာတော့စက်သုံးဆီတွေလုံးဝ ပြတ်နေပြီ ဆီစပြီးပြတ်တာက ၃ရက်လောက်ရှိပြီဒီနေ့တော့ ဘယ်မှဝယ်မရတော့ဘူး ဆီပန့်တွေအားလုံးပိတ် ထားပြီ မနေ့ကတော့တချို့ဆိုင်တွေရတယ် ဓာတ်ဆီ တစ်ဂါလံကို ၁၆၀၀၀ ပေးရတယ်ဒီနေ့ တော့လုံးဝပိတ်သွားပြီ”ဟုပြောသည်။
ယမန်နေ့အထိ လုံးခင်းနှင့် အခြားသောနေရာများတွင် ဆီပန့်ဆိုင်၊ လမ်းဘေး ဓာတ်ဆီဆိုင်များတွင် အနည်ငယ်ရောင်းချပေးမှုများရှိနေခဲ့ပြီး ယနေ့တွင် ဆီပန့်များပါ ပြတ်လပ်သွားကြောင်းသိရသည်။
ပြီးခဲ့သောအပတ်က ဖားကန့်ဒေသတွင် ဓာတ်ဆီတစ်လီတာ ၃၈၀၀ ကျပ်နှင့် ဒီဇယ် တစ်လီတာ ၂၆၀၀ ကျပ်ဝန်းကျင်အထိရှိခဲ့ပြီး ယမနေ့တွင် ဓာတ်ဆီတစ်ဂါလံ ၁၆၀၀၀ ကျပ်နှင့် ဒီဇယ် တစ်ဂါလံ ၁၅၀၀၀ ကျပ်အထိရှိခဲ့ကြောင်း ဒေသခံများပြောသည်။
သို့သော် တစ်ဖက်တွင် ဆီပြတ်လပ်မှုကြောင့် စက်သုံးဆီ အရောင်းဆိုင်ကြီးများ ပိတ်ထားသော်လည်း ဖားကန့်တွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ နေ့ည မပြတ် စက်ယန္တရားကြီးများ ပုံမှန်လည်ပတ်နေဆဲဖြစ်ကြောင်း ဆက်လက်သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် နန့်ယားစစ်တပ်ဂိတ်တွင် စက်သုံးဆီနှင့် ဆန်ကားများ မကြာာခဏ ပိတ်ဆို့မှုများလုပ်ဆောင်နေခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စက်သုံးဆီတစ်ဂါလံ ၂၀၀၀၀ ကျပ်အထိ မြင့်တက်သွားကာ ဆန်တစ်အိတ် ကျပ်တစ်သိန်းအထိ ရှိခဲ့သည်။