တိုက်ပွဲသတင်း

ဗန်းမောက်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် သာယာကုန်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက်ကြီးရွယ်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံပြည်သူများထံမှသိရသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၂ နာရီဝန်းကျင်အချိန် ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်အထက် ဗုံးကျဲတိုက်ခိုက်သွားပြီး နေ့လည် ၁ နာရီဝန်းကျင် Mi 13 ဖြင့် ၁၂ လုံး နောက်ထပ်တစ်ကြိမ် ပစ်ခတ်သွားသည်ဟု ဗန်းမောက်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

အဲ့ဒီအနားမှာ ထိတွေ့တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး ရွာက ၆ဦး ထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ အဘွားအို တစ်ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့ပြီးတော့ ဆေးရုံအရောက်မှာသေဆုံးသွားတယ်လို့ နောက်ဆုံးသိရပါ တယ်ဟုပြောသည်။

ထို့အပြင် ဗုံးကျဲတိုက်ခိုက်ခံရမှုတွင်  ဗုံးသီးများ သာယာကုန်းကျေးရွာရှိ ရွာဘုန်းကြီးကျောင်း၊ ဇရပ်ဆောင်နှင့် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားသည်ဟု သူကဆက်ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုမတိုင်မှီ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် ပင်ဟင်းခါးနှင့် သာယာကုန်းကျေးရွာကြား စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သောကြောင့် ယခုလေကြောင်းအသုံးပြုကာ တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Banmauk Revolution-BR အဖွဲ့မှထုတ်ပြန်ထားသည်။

သာယာကုန်းကျေးရွာသည် ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း ၆ မိုင်ခန့်အကွာတွင်ရှိနေသည့် ကျေးရွာတစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button