မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြေရှားတူးဖော်ရေး စီမံကိန်းများ ရပ်တန့်မည်ဟု KIO ဥက္ကဋ္ဌ ပြောဆိုခဲ့ကြောင်း ဒေသခံများဆို

ကချင်လူထုအပြင်းအထန် ကန့်ကွက်နေသော ဗန်းမော်ခရိုင် ဒိန်းဆင်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းများအားလုံးကို ရုပ်သိမ်းပေးမည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ က ဒေသခံများကို ယနေ့ပြောဆိုလိုက်ကြောင်း သိရသည်။

ဧပြီ ၁၅ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် အင်ဘာပါဒေသရှိ မြေရှားတူးဖော်မှုကို ကန့်ကွက်သော ပြည်သူ ၁၆၀၀ ကျော်သည် မိုင်ဂျာယန်မြို့သို့ သွားရောက်ပြီး ဗိုလ်ချူပ်ကြီးအင်ဘန်လ ဖြင့် တွေ့ဆုံပွဲပြုလုပ်ရာတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်သော ကော်မတီအဖွဲ့ဝင်တစ်ဦးက KNG ကို ယခုလိုပြောသည်။

“အခုတော့ ပြီးစီးပါပြီ။ KIO ခေါင်းဆောင် ဗိုလ်ချူပ်ကြီးကနေမှ အင်ဘာပါဒေသဘက်က မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့ စီမံကိန်းအားလုံးကို လုံး၀ရပ်တန့် ပေးလိုက်ပြီ။ ပြည်သူထောင်ကျော် ကိုယ့်မှာရှိတဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ အားလုံးသွားရောက်ကြတယ်။ ဗိုလ်ချူပ်ကြီးကနေမှ လုံး၀ ပိတ်သိမ်းလိုက်ကြောင်းပြောပြီးမှ ကျနော်တို့တွေလည်း ကျေးဇူးတင်ကြောင်းပြော၊ ဆုတောင်းကောင်းကြီးပေးပြီးမှ ပြန်လာကြပါပြီ။” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင် ဒေသခံများ ကိုယ်စား ဗန်းမော်ခရိုင်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော် ခေါင်းဆောင် ၅ ဦးသည် လိုင်ဇာမြို့သို့ သွားရောက်ကာ KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ နှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုတွင် ဧပြီ ၁၅ ရက်နေ့ မိုင်ဂျာယန်မြို့တွင် ဒေသခံပြည်သူလူထုများနှင့် KIO ဥက္ကဋ္ဌ ကိုယ်တိုင်တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။ ထို့နောက် ယနေ့ တွင် ဒေသခံထောင်ချီဖြင့် မိုင်ဂျာယန်တွင် လူထုတွေ့ဆုံပွဲတွင် မြေရှားတူးဖော်ရေး စီမံကိန်းများကို ရပ်ဆိုင်းကြောင်း KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်းတွင် ပြောဆိုခဲ့သည်ဟု သိရသည်။

“ပြည်သူလူထုအားလုံး အရမ်းဝမ်းသာပျော်ရွှင်တယ်။ ကျနော်တို့ နယ်မြေတောတောင်ပျက်စီးသွားမှာကို စိုးရိမ်တဲ့ ဒေသခံပြည်သူများရဲ့ ဆန္ဒကို အလေးထားပြီး နားထောင်ပေးတဲ့အတွက် ခေါင်းဆောင်ကြီးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုတယ်။ ပိုမိုပြီး တိုင်းပြည်ကို အကောင်းဆုံး ဦးဆောင်နိုင်သော ခေါင်းဆောင်ကြီးဖြစ်ပါစေ။” ဟု မြေရှားတူးဖော်မှု ကန့်ကွက်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး တရုတ်နယ်စပ် မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ ဒေသတွင် မြေရှားသတ္တုတိုးချဲ့တူးဖော်ရန် စမ်းသပ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန် KIO အစိုးရမှ တရုတ်ကုမ္မဏီများကို ခွင့်ပြုခဲ့သည်။

ထို့ကြောင့် သဘာ၀တောတောင် နယ်မြေနှင့် သမိုင်းအမွေအနှစ်ပျက်စီးထိခိုက်သွားမည်ကို စိုးရိမ်သော ဒေသခံများသည် စီမံကိန်းကို ပြင်းပြင်းထန်ထန် စတင်ကန့်ကွက်လာခြင်း ဖြစ်သည်။

ထို့အပြင် ပြည်သူလူထုကန့်ကွက်နေသော အင်ဘာပါ နှင့် ဒိန်ဆင်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများအား လုံး၀ရပ်တန့်ပေးရန် ကချင် အရပ်ဖက်အဖွဲ့အစည်း ၂၀ ဝန်းကျင် စုပေါင်းပြီး ဧပြီ ၁၃ ရက်နေ့တွင် ထုတ်ပြန်ချက်ဖြင့် တောင်းဆိုခဲ့သည်။

ထိုသို့ဒေသခံများ နည်းမျိုးစုံဖြင့် စီမံကိန်းကို ကန့်ကွက်လာသည့် ၅ လခန့်ကြာမြင့်ပြီးနောက် ယနေ့တွင် မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ၊ ဒိန်ဆင်းဘွမ်၊ ကျိန်းလပ်ပါ၊ ခပရာ၊ ဒရောန်း၊ ဖိုင်းဒန်း၊ ခအူ ကျေးရွာများရှိ စီမံကိန်းအားလုံးကို ရပ်တန့်ရန် KIO ဥက္ကဋ္ဌ က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ယနေ့ တွေ့ဆုံမှုတွင် KIO ဥက္ကဋ္ဌ မည်ကဲ့သို့ပြောဆိုခဲ့သည်ဆိုသော အသေးစိတ်အချက်အလက်ကို KNG က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button