အမှိုက်များစွန့်ပစ်ရန်အတွက် အမှိုက်ကန်များထားရှိရန် လိုအပ်နေကြောင်း လုံးခင်းကျေးရွာ ဒေသခံများပြော

လုံးခင်းကျေးရွာတွင် နေ့စဥ်ထွက်ရှိနေသည့် စွန့်ပစ်အမှိုက်များကို အမှိုက်ကန်များထားရှိ၍ စနစ်တကျစွန့်ပစ်ရန် လိုအပ်နေကြောင်း ဒေသခံများ ပြောသည်။
ယခုအခါ အဆိုပါ လုံးခင်းကျေးရွာမှ နေ့စဥ်ထွက်ရှိနေသည့် စွန့်ပစ်အမှိုက်များအားလုံးနီးပါးသည် ဥရုချောင်းအနီးသို့သာ လာရောက်စွန့်ပစ်နေကြကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။
“ဥရုချောင်းက အမှိုက်ပစ်တဲ့နေရာလို ဖြစ်နေပြီ၊ချောင်းကို သွားလာလို့ရမဲ့ လမ်းသွယ်၊လမ်းကြားမကျန် အကုန်လုံး အမှိုက်ပစ်နေတဲ့နေရာလို့ ဖြစ်ကုန်ပြီ“ဟုပြောသည်။
လုံးခင်းကျေးရွာသည် လူဦးရေ ထူထပ်သိပ်သည်း၍ ရပ်ကွက် (၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ) အဖြစ်တည်ရှိရာ စည်ပင်သာယာရေးဌာနမှ အမှိုက်သိမ်းကားထားရှိ၍ ဆောင်ရွက်ပေးနေသော်လည်း လုံလောက်မှု မရှိကြောင်း ရပ်ရွာအရေး ဆောင်ရွက်နေသူတစ်ဦးက ယခုလို ပြောသည်။
“အမှိုက်ကားက တစ်စီးပဲရှိတယ်၊ နေ့စဥ်လာတယ်၊ အမှိုက်သိမ်းတယ်၊ ဒါပေမဲ့ အမှိုက်တွေ ကားတစ်စီးပြည့်တာနဲ့ ပြီးပြီ၊ ထပ်မလုပ်တော့ဘူး“ဟုလက်ရှိလုပ်ဆောင်နေမှုအား ပြောပြသည်။
ထို့ပြင် စည်ပင်သိမ်းဆည်းခဲ့သည့် အမှိုက်များ စွန့်ပစ်မီးရှို့ရန် သတ်မှတ်ထားသည့် နေရာသည်လည်း လုံးခင်းကျေးရွာနှင့် အလှမ်းဝေးနေသည့်အတွက် တစ်နေ့တစ်ခေါက်သာ ဆောင်ရွက်နေရကြောင်း ၎င်းမှ ဖြည့်စွက်ပြောကြားသည်။
ယခုအခါ ၎င်းစွန့်ပစ်အမှိုက်များသည် လုံးခင်းကျေးရွာအနီးရှိ သံဘောင်တံတားအောက်ခြေတွင် အများဆုံးစွန့်ပစ်နေကြပြီး မူးယစ်ဆေးဝါးသုံးစွဲသူများအား အခကြေးငွေ (မုန့်ဖိုး) ပေး၍ ခိုင်းစေနေကြကြောင်း ယင်းနေရာ အနီးတဝိုက်တွင် အမှိုက်များ စွန့်ပစ်ထားသည်ကို မှတ်တမ်းရယူနိုင်ခဲ့သည်။
အလားတူ ဖားကန့်ကျောက်စိမ်းမှော်ဒေသအား ဖြတ်သန်းစီးဆင်းနေသည့် ဥရုချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာများအားလုံးသည် ချောင်းအနီးရှိနေရာ တော်တော်များများအား အမှိုက်များ စွန့်ပစ်ထားသည်ကို တွေ့ရသည်။
ဖားကန့်ဒေသသည် နှစ်စဥ် မိုးရာသီကာလများ၌ ရေကြီးရေလျှံမှုများအား ဖြစ်ပေါ်နေပြီး ယခုအခါ ဥရုချောင်းရှင်းလင်းရေးကိုလည်း ထိရောက်စွာ မလုပ်နိုင်သည့်အပြင် စွန့်ပစ်အမှိုက်များ ပိုမိုများပြားလာသည့်အတွက် ရေကြီးရေလျှံမှုဒါဏ်ကို ယခင်နှစ်များထက် ပိုမိုခံစားနိုင်ရနိုင်ကြောင်း ဒေသခံများထံမှ ကြားသိရသည်။
ယင်းစွန့်ပစ်အမှိုက်များအား ဥရုချောင်းအပါအဝင်၊ တခြားသောနေရာများအား မစွန့်ပစ်စေရန်နှင့် စနစ်တကျ အမှိုက်စွန့်ပစ်စေနိုင်ရန်အတွက် အမှိုက်ကန်များထားရှိရန် လုံးခင်းကျေးရွာသားများ လိုလားနေကြသည်။
လုံးခင်းကျေးရွာသည် ဖားကန့်ကျောက်စိမ်းမှော်၏ အထင်ကရ ကျေးရွာကြီးအဖြစ်တည်ရှိပြီး လူဦးရေထူထပ်သိပ်သည်းရာ အိမ်ထောင်စု ၃၅၀၀ ကျော်ရှိ၍ လူဦးရေနှစ်သောင်းကျော် နေထိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။