သတင်း

မူးယစ်ရောင်းချသူများကို သိရှိသော်လည်း အရေးယူပေးရန် တိုင်ကြားမည့်သူ မရှိ

မြစ်ကြီးနားမြို့ ငွေပျော်စံပြ စစ်ရှောင်ကျေးရွာတွင် မူးယစ်ဆေးဝါးကို အဓိက ဖြန့်ဖြူးရောင်းချနေသော အိမ်ထောင်စု ၃ စုကို ကျေးရွာသားအားလုံး သိရှိထားသော်လည်း တိုင်ကြားမည့်သူ မရှိသဖြင့် အရေးယူပေးမည့်သူလည်း မရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချနေသူများကို သက်ဆိုင်ရာသို့ တိုင်းကြားလိုသော်လည်း တိုင်ကြားသူများ အန္တရယ်ပြုခံရမည်ကို ပြန်လည်စိုးရိမ်ကြောင်း ငွေပျော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မတိုင်ရဲဘူး၊ လမ်းကြောင်းမသိဘူး၊ ကိုယ်အဖြစ်ကိုယ်ခံဖြစ်နေတယ်၊ တိုင်မယ်ဆိုလည်း ထိထိရောက် အရေးယူပေးမဲ့ သူလည်းမရှိဘူး။ ကြုံတွေ့ခံစားသူနေရသူတွေလည်း ဆင်းနွမ်းပါးပြီး ဘာမှမသိတဲ့ မိသားစုတွေပဲကြုံနေကြရတာ။ သွားတိုင်ဖို့၊ ဝင်စွပ်ဖက်ဖို့လည်း ခုနိုင်ငံရေးက အသက်ခြိမ်းခြောက်ခံရတဲ့ထိ ဖြစ်နေတော့ဘယ်သူမှ မရဲဝံ့ဘူး။ အရင်တစ်ခေါက်ကလည်း မူးယစ်ဆေးဝါးရောင်းလို့ နည်းနည်းစွက်ဖက်ပြောမိသူကို မကျေနပ်လို့ စစ်သားတွေကို လာဖမ်းခိုင်းလိုက်တာလည်း ရှိတာဆိုတော့ဟုပြောသည်။

ထို့ကြောင့် ကျေးရွာတွင် ယခင်က မူးယစ်ဆေးဝါး မသုံးစွဲတတ်သူများပင် လက်ရှိတွင် မူးယစ်ဆေးဝါးကို သုံးစွဲတတ်နေပြီဟု ဒေသခံအများစု ပြောသည်။

မူးယစ်ဆေးဝါးကို အနည်းဆုံး ကျပ်ငွေ ၂၀၀၀ ပေးကာ အလွယ်တကူ သုံးစွဲနိုင်သောကြောင့် ငွေပျော်စံပြကျေးရွာသည် အခြားကျေးရွာများမှ လူငယ်များအတွက် မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ကူသုံးစွဲနိုင်သော နေရာဖြစ်လာသည်ဟု ဆိုသည်။

ယခင်က မူးယစ် ရောင်းချ သုံးစွဲသူများကို ပလန ရဲဘက်ဆိုင်ရာတာဝန်ကျသူများ လာရောက်ဖမ်းဆီးမှုရှိခဲ့သော်လည်း ထိရောက်သည့် အရေးယူမှုမဖြစ်ပဲ ငွေကြေးဖြင့်သာ ပြန်လွတ်ပေးလျက်ရှိသည်ဟု သိရသည်။

ထိုသို့ ကျေးရွာအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာသော်လည်း ရောင်းချနေသူများကို အရေးယူပေးရန် တိုင်ကြားမည့်သူ မရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဆာ က KNG ကို ပြောသည်။

ရောင်းဝယ်ဖောက်ကားတဲ့သူတွေ ရှိတယ်လို့သာပြောကြတာ။ ဘယ်သူဘယ်ဝါက ရောင်းနေပါတယ်ဆိုပြီးမှ တိုင်တန်း တာလည်း မရှိဘူး။ ပြီးတော့ ဝယ်ယူသုံးစွဲတဲ့လူငယ်တွေရဲ့ မိခင်ဖခင်တွေလည်း ကျနော့သားတော့ ဘယ်မှာဝယ်ပြီးမှ ဘယ်လိုသုံးစွဲနေပါတယ်။ ဖမ်းဆီးပြီးမှ အရေးယူပေးပါဆိုတဲ့ဟာတွေလည်း လာတိုင်တာတွေမရှိဘူး။ အကြောင်းကြားတာ တွေလည်း မရှိဘူး။ ဆိုတော့ ကျနော်တို့အုပ်ချူပ်ရေးဆိုဒ်အနေနဲ့ လုပ်ရကိုင်ရခက်တာပေါ့နော။ အဲ့မျိုး လာတိုင်တာတို့ ရှိရင်တော့ ကျနော်တို့ ပလနအုပ်စု တဆင့်ပြီးတဆင့် သက်ဆိုင်တဲ့သူတွေနဲ့ချိတ်ဆက်ပြီးမှ ဖမ်းဆီးအရေးယူပေးလို့ ရတယ်လေဟုပြောဆိုသည်။

စစ်ရှောင်များကို ပြန်လည်နေရာချပေးထားသည့် ငွေပျော်စံပြကျေးရွာသည် မူးယစ်ဆေးဝါးသုံးစွဲသူများ ပျော်မွေ့ရာ နေရာတစ်ခုကဲ့သို့ ဖြစ်လာသဖြင့် ကလေးများ၏အနာဂတ်အတွက် စိုးရိမ်လာသောကြောင့် သက်ဆိုင်ရာမှ တာဝန်ယူပေးစေလိုသည်ဟု ဒေသခံများ တောင်းဆိုသည်။

မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိသည့် အင်ခိုင်ဘွမ်တောင်ခြေ ငွေ့ပျော်စံပြကျေးရွာသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှစပြီး စစ်ရှောင်ပြည်သူများအား အစိုးရမှ ပြန်လည်နေရာချထားပေးသည့် လူဦးရေ ၅၀၀ ခန့်နေထိုင်သော ကျေးရွာဖြစ်ကာ ၂၀၁၈ မှစတင်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ ရှိလာခဲ့သည်။

Show More

Related Articles

Back to top button