စစ်ပြေးဒုက္ခသည်များသတင်း

ရွှေကူမြို့အရှေ့ဘက် စစ်ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် ဆေးဝါး အကူညီ လိုအပ်နေ

ရွှေကူမြို့နယ် အရှေ့တောင်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီ စစ်ကြောင်း ပြန်ဝင်မည်ဟု သတင်းထွက်‌ပေါ်နေသောကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်‌ဘဲ အစားအသောက်နှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူများ ထံမှသိရသည်။

စီမူလေး၊ စီမူကြီး၊ နောင်လတ်ကြီး၊ ဝင်ဝ၊ မံဝိန်း၊ စီသာ၊ စီသောင်၊ မံခါး၊ နန့်လန်၊ ငှက်တံတား စသည့်ကျေးရွာများဘက်တွင် မတ်လ ၂၃ ရက်နေ့မှစတင်ပြီး ဧပြီ ၁၁ ရက်နေ့အထိ စစ်တပ်ဝင်ရောက်လာသောကြောင့် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရွာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

ယင်း စစ်ကြောင်းမှာ ရွှေကူမြို့ထဲသို့ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်သော်လည်း စစ်ကြောင်းပြန်ဝင်မည်ဟု သတင်းထွက်ပေါ်နေသောကြောင့် နေရပ်မပြန်နိုင်ကြသေးကြောင်း ရွှေကူမြို့ပေါ်မှ စစ်ရှောင်ပြည်သူများကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

ကျွန်မတို့အခုပဲ ဒီဘက်ရွာတွေကိုရောက်နေတာ စစ်ကြောင်းကတော့မရှိတော့ဘူး။ အားလုံးရွှေကူမြို့ပေါ်ပြန်ရောက်သွားကြပြီ ဒီမှာကတော့ ဘာစစ်ကြောင်းမှ မရှိတော့ဘူး။ ဒါပေမယ့်အခုကြားနေတာက စစ်ကြောင်းပြန်ဝင်မယ်ဆိုပြီး သတင်း ထွက်နေတယ်။ အဲ့ကြောင့် ဒေသခံတွေက ပြန်မဝင်လာရဲကြသေးဘူး။ ဘယ်ချိန်ပြန်ဝင်မလဲတော့ မသိတတ်ဘူး။ ပြန်ဝင်မယ်လို့ပဲ သတင်းထွက်နေတာ”ဟုအထက်ပါ အမျိုးသမီးက ပြောသည်။

စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၀၀၀၀ ကျော်အနက် ထက်ဝက်ကျော်မှာ တောတောင်များတွင် တိမ်းရှောင်နေကြရပြီး စစ်ရှောင်ကာလ တစ်လတစ်နီးပါးကြာမြင့်လာပြီဖြစ်ကြောင့် စားဝတ်နေရေး၊ ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

အိုးအိမ်တွေအကုန်စွန့်ခွာပြီးစစ်ရှောင်လာကြတော့ သူတို့မှာဘာမှမပါဘူး။ အစားအသောက်ဆိုလည်း အဆင်မပြေတဲ့သူက အများပိုင်းပဲ တချို့ကတော့မြို့ပေါ်မှာအိမ်ငှားနေကြတယ်။ အများစုက တောထဲမှာဆိုတော့ တောထဲကလူတွေကတော့ အစားအသောက်ခက်ခဲနေတယ်။ ပြီးတော့ ဆေးဝါးတွေလည်းလိုအပ်နေတယ်”ဟုပြောသည်။

လိုအပ်သည့် ဆေးဝါးများမှာ ကလေးသူငယ်များအတွက် အအေးမိ၊ နှာစေး၊ ချောင်းဆိုးပျောက်ဆေးများ၊ ဝမ်းရောဂါနှင့် ပတ်သက်သည့် ဆေးဝါးများ၊ သက်ကြီးရွယ်အိုများအတွက် အကိုက်အခဲပျောက်ဆေးများအပြင် အခြားဆေးဝါးများလည်း လိုအပ်နေကြောင်းသိရသည်။

လက်ရှိ ရွှေကူမြို့ အရှေ့တောင်ဘက် ကျေးရွာများတွင် ဝင်ရောက်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇ ၊ ခလရ ၈၈၊ ခလရ ၁၀ ပူးပေါင်းတပ် တပ်ရင်းဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိသည်။

အဆိုပါ ပူးပေါင်းတပ်ရင်းသည် မတ် ၂၃ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့အထိ ရွှေကူအရှေ့တောင်ဘက် ကျေးရွာများသို့ ဝင်ရောက်ခဲ့စဥ် ကျေးရွာများကို မြေပြင်တွင်မီးရှို့ခြင်း လေယာဥ်ဖြင့် ဗုံးကျဲခြင်းတို့ကြောင့် စီသာ၊ စီသောင်၊ နောင်လတ်ကြီး၊ မံခါး၊ နန့်လတ်၊ စီမူလေး၊ စီမူကြီး စုစုပေါင်းကျေးရွာ ၁၁ ရွာသည် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ကြောင်း ရွှေကူဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

ရွာတွေကတော့၁၁ ရွာမီးထဲပါသွားတာရစရာမရှိဘူး စီသာက အိမ်ခြေ ၃၀၀ ကျော်ရှိတာ ၂၀၀ ကျော်ကမီးလောင်သွားတယ်။ အဲ့တစ်ရွာထဲကိုစစ်ရှောင်က ၃၀၀၀ ကျော်တယ်။အခုအားလုံးတောထဲမှာပဲ ခြေနေတွေငြိမ်မှပဲ ကိုယ့်ရွာကိုယ်အိမ်ပြန်ဆောက်ပြီးနေကြမယ်တဲ့။ ပြီးတော့ခုလောလော ဆယ်ဆိုရင်တော့ပြန်လို့ရရင်တောင်ပြန်ဖို့မဆင်မပြေသေးဘူးရွာထဲမှာက အပုပ်နံ့တွေ ထောင်းနေတာ။ နေလို့ မရဘူး မိုင်းထိထားတဲ့ နွားတွေ၊ ဝက်သေတွေက အပုပ်နံ့တွေ ထွက်နေတာ”ဟု ရွှေကူမြို့ပေါ်သို့ စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ရွှေကူ အရှေ့တောင်ဘက်ခြမ်းရှိကျေးရွာများ၌ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် ဧပြီလ ၁၁ နေ့ နောက်ပိုင်းတွင် ကျေးရွာများမှ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်‌သော်လည်း လက်ရှိတွင် ရွှေကူမြို့ပေါ်ရှိ ဝါဆိုဘုန်းကြီးကျောင်းနှင့် မြဝတီဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားနေထိုင်ဆဲ ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့စစ်ကြောင်းထိုးဝင်ရောက်ခဲ့ သည့်နောက် ရွှေကူအရှေ့ခြမ်းတွင် စစ်ကောင်စီ တပ်နဲ့ KIA PDF တို့ မတ်လကုန်ပိုင်းအထိ နေ့စဥ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်က အထိခိုက်သေဆုံးမှုများခဲ့သောကြောင့် ဧပြီလဆန်ပိုင်းမှစ၍ ကျေးရွာများကို ၁၀ ကြိမ်ထက်မကဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်မီးရှို့ခြင်းတို့ကြောင့်ကျေးရွာ ၁၁ ရွာပျက်စီးခဲ့ရသည်။

Show More

Related Articles

Back to top button