တိုက်ပွဲသတင်း

ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် ကလေးသူငယ် ၄၀ ဦး ဝန်းကျင်ပါဝင်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် အရပ်သားပြည်သူ ၁၇၁ ဦးပါဝင်ရာ ထိုအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၇ ဦး နှင့် အမျိုးသမီး ၂၄ ဦးပါဝင်‌ကြောင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးသွားသည့် ကလေးငယ်များတွင် အသက် ၁၀ နှစ်အောင်ကလေးငယ် ၂၅ ဦးနှင့် ၁၆ နှစ်အောက် ၁၃ ဦး စုစုပေါင်း ၃၈ ဦး ပါဝင်ကာ အမျိုးသမီး ၂၄ ဦးလည်း ပါဝင်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

လက်ရှိအချိန်ထိသိရတာက သေဆုံးသူ၁၇၁ဦးရှိတယ်လို့သိရပါတယ် ဆေးရုံကအသက်ရှင်ကျန်ရစ်တဲ့ သူတွေ ထဲမှာလည်း လက်ပြတ်ခြေပြတ်နဲ့ကျန်ခဲ့တဲ့သူတွေလည်းအများကြီးပဲ သေဆုံးသူတွေထဲမှာ အသက်၁၀နှစ် အောက် ကလေးငယ်၂၅ဦးနဲ့ ၁၆နှစ်အောက် ကလေးငယ်၁၂ဦးပါပါတယ် ပြီးတော့ အမျိုးသမီး၄၇ဦး သေဆုံး တယ်လို့ သိရတယ် ဟုကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အရပ်သားပြည်သူ ၁၇၁ ဦးတွင် ၁၀၀ ဝန်းကျင်ခန့်သည် ပဇီကြီးကျေးရွာမှ ဒေသခံများဖြစ်ပြီး ကျန်သူများမှာ ရွာသာယာ၊ လေးတွင်းစင်၊ မယ်ဇတော၊ ထနှောင်းကိုင်းကြီးနှင့်သာယာမွန်ကျေးရွာမှ ဒေသခံများဖြစ်သည်ဟု သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပဇီကြီးကျေးရွာမှ ဒေသခံ ၄၀၀ ကျော်သည်လည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်နေရပြီးဆေးဝါး၊ သောက်သုံးရေနှင့် အဝတ်အထည်များအရေးပေါ်လိုအပ်နေသည် ဟု စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။

စစ်ဘေးရှောင်များထဲတွင် အမျိုးသမီးနှင့် ကလေးငယ်အများဆုံးပါဝင်နေပြီး ရာသီဥတု အလွန်ပူပြင်းမှုနှင့် သောက်သုံးရေ မသန့်ရှင်းမှုတို့ကြောင့် ဖျားနာသူများရှိနေသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

မိန်းကလေးအသုံးအဆောင်နဲ့ အရေးပေါ်ဆေးဝါးလိုအပ်တာတို့ရှိပါတယ်။ တစ်ချို့လည်း ဒဏ်ရာရပြီးဆေးကု နေတာမျိုးတွေ ရှိတယ်။ ရာသီဥတုပူတာမို့လို ကလေးငယ်တွေဖျားကြနာကြတာတွေရှိပါတယ်။ အဲ့အတွက်တော့ ဆေဝါးတွေလိုအပ်နေပါတယ်။ အဓိကကိုပြောရမယ်ဆိုရင် ဆေးဝါး၊ ရေနဲ့အဝတ်အထည်တွေလိုအပ်နေတာပါဟုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပဇီကြီးကျေးရွာတစ်ရွာတည်းမှ ဒေသခံများဖြစ်ပြီး အနီးပတ်ဝန်းကျင် ချောင်းသာ၊ ချောင်းရှည်၊ မယ်ဇတော၊ လေးတွင်းစဥ်၊ ထန်းတော စသည့်ကျေးရွာများမှ ဒေသခံများသည်လည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သူက ဆက်ပြောသည်။

စစ်ဘေးရှောင်များသည် ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့အထိ ရွာကို ပြန်မကပ်နိုင်သေးဘဲ ဘေးလွှတ်ရာသို့ တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။

စစ်ကောင်စီတပ်သည့် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းအထိ ဗုံးကျဲတိုက်ခိုက်ခဲ့သော ပဇီကြီးကျေးရွာအနီးတစ်ဝှိုက်ကို ဝေဟင်မှ ဒရုန်း ဖြင့် လှည့်ပတ်စောင့်ကြည့်နေခဲ့ကြောင်း ဒေသခံများ ပြောပါသည်။

Show More

Related Articles

Back to top button