သတင်း

စစ်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား ၆၇ ဦး လွှတ်ငြိမ်းခွင့်ရ

မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား ၆၇ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာကြောင်း သိရသည်။

အဆိုပါ လွှတ်ငြိမ်းချမ်းသာခွင့်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၂၈ ဦး စုစုပေါင်း ၃၃ ဦး နှင့် ဖားကန့်အချုပ်ထောင်မှ အမျိုးသား ၄ ဦး၊ ဗန်းမော်အကျဉ်းထောင်မှ ၂၇ ဦးနှင့် ပူတာအိုအကျဉ်းထောင်မှ ၃ ဦးတို့ ဖြစ်သည်။

မြစ်ကြီးနားက အားလုံး ၃၃ ဦးလွှတ်တယ်လို့တော့ သိရတယ်။ ခုကြားရတဲ့သတင်းအရတော့ မူးယစ်မှု အများဆုံး ပါတယ်လို့တော့ ပြောကြတယ် အသေးစိတ်မသိရသေးဘူးဟုအကျဉ်းထောင်တွင် သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဖားကန့်အကျဥ်း‌ထောင်နှင့် ပူတာအိုအကျဉ်းထောင်မှ လွှတ်မြောက်လာသူများတွင်လည်း နိုင်ကျဉ်းသားများ ပါဝင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးအမှုဖြင့် လွတ်မြောက်လာသူများသာ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဗန်းမော်က ၂၇ ဦးလွတ်တယ် နိုင်ကျဉ်းက ဘယ်လောက်ပါလဲဆိုတာ တိတိကျကျ မသိရဘူးဟုဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် ပူတာအိုအကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ ဗန်းမော်အကျဉ်းထောင်နှင့် မိုးညှင်းအကျဉ်းထောင်၊ ဖားကန့်အချုပ်ထောင် စုစုပေါင်း အကျဉ်းထောင် ၅ ခုအနက် ယနေ့လွှတ်ငြိမ်းခွင့်တွင် မိုးညှင်းအကျဉ်းထောင်မှ လွှတ်မြောက်လာသူ အရေအတွက် တိတိကျကျ မသိရပေ။

စစ်ကောင်စီတပ်အနေဖြင့် ပြန်လည်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား/ သူ တွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည်ဆိုသည့် စွပ်စွဲချက်များနှင့် ဖမ်းဆီးခံထားရသူတွေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များ ပါဝင်မှုရှိမရှိကို အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသူ/ အကျဉ်းသား ၃၀၁၅ ဦး နှင့် နိုင်ငံခြားသာ အကျဥ်းသား၊ အကျဥ်းသူ ၉၈ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး၊ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း စစ်ကောင်စီက ဧပြီလ ၁၇ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နောက်တကြိမ်ပြစ်မှုကျူးလွန်ပါကကျန်ရှိနေတဲ့ ပြစ်ဒဏ်များကိုပါ ပြန်လည်ကျခံရမည် ဆိုသည့် ခံဝန်ဂတိ ပုဒ်မ (၄၀၁) ဖြင့် လွှတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ရက်အထိ စစ်ကောင်စီတပ်မှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသည့် လူဦးရေမှာ စုစုပေါင်း ၂၁၃၄၈ ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့်အနက် ၁၇၄၆၀ ဦးသည် ဆက်လက် ဖမ်းဆီးခံထားရပြီး၊ ၅၅၈၆ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရကာ ပြန်လည်လွတ်မြောက်လာသူများမှာ ၃၈၆၆ ဦးရှိကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများထဲမှ သေဒဏ်ချမှတ်ခံထားရသူ ၁၀၉ ဦးအထိရှိပြီး မျက်ကွယ်သေဒဏ်အဖြစ်ချမှတ်ခံထားရသူ ၄၂ ဦးလည်းရှိသည့်အတွက် သေဒဏ်ချခံရသူ စုစုပေါင်းသည် ၁၅၁ ဦးအထိရှိပြီ ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button