စစ်ပြေးဒုက္ခသည်များသတင်း

ရွှေကူ အရှေ့ဘက်ခြမ်း ရွာမီးရှို့ခဲ့သော စစ်ကောင်စီ စစ်ကြောင်းများ အနောက်ဘက်ခြမ်းသို့ ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေး

ရွှေကူမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၁ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိ ရွှေကူမြို့အနောက်ဘက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အင်အား ၅၀ ဝန်းကျင်ခန့်ပါဝင်သော စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းမှစကာ ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ ထွက်ခွာသွားပြီဟု ဒေသခံတစ်ဦးက ပြောသည်။

အဲ့စစ်ကြောင်းက မြစ်တစ်ဖက်ကမ်းက ရွာတွေကို စစ်ကြောင်းထိုးမယ်ဆိုပြီး သတင်းထွက်နေတာက ၂ ရက်လောက်တော့ရှိပြီ။ အဲ့တာ ဒီမနက်တော့ အစောကြီးမနက် ၁ နာရီမှာ စစ်သား ၅၀ ဆယ်ယောက်လောက်က အဲ့ဘက်ကိုထွက်သွားလိုက်ပြီလို့ သိရတယ်။ သူတို့က ခိုးကြောင် ခိုးဝှက်နဲ့သွားတာ အခုအဲ့ဘက်မှာ ကင်းပုန်းချထားတာ တချို့ရှိတယ်ဟုပြောသည်။

ယင်းစစ်ကြောင်းသည် ဧပြီလဆန်းပိုင်း၌ ရွှေကူအရှေ့ဘက်ရှိ စီသာ၊ စီသောင်၊ စီမူလေး ၊စီမူကြီး၊ နန့်လတ် ၊ နောင်လတ်ကြီးနှင့် အနီးဝန်းကျင်ကျေးရွာ စုစုပေါင်း ၁၁ ရွာတိတိကို မီးရှို့ခြင်း၊ လေယာဉ်ဖြင့်ဗုံးကျဲတိုက် ခိုက်ခြင်းများပြုလုပ်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။

ထို့နောက် ဧပြီလ ၁၂ ရက်နေ့ စစ်ကြောင်းထိုးနေသည့် ကျေးရွာများမှ ရွှေကူမြို့ထဲ ပြန်လည်ဆုတ်ခွာလာပြီး ရွှေကူမြို့ပေါ်ဘုန်းကြီးကျောင်းများတွင် တပ်စွဲနေထိုင်ပြီး တစ်ပတ်ခန့်အကြာ ယခုကဲ့သို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ ထပ်မံစစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် ရေလဲရွာ၊ မိုးစစ်ရွာ၊ ပေါက်ကုန်းရွာ၊ မြို့ကုန်းရွာ၊ ဆင်တပ်ရွာ၊ စီငါးရွာ အစရှိသည် ကျေးရွာများတည်ရှိသည်။

ရွှေကူအရှေ့ခြမ်းရှိ ကျေးရွာများကို မီးရှို့ခဲ့သည့်စစ်ကြောင်းမှာ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇၊ ခလရ ၁၀၊ ခလရ ၈၈ ပူးပေါင်းတပ်တို့ဖြစ်ပြီး လက်ရှိရွှေကူမြို့ပေါ်ဘုန်းကြီးကျောင်းအချို့နှင့် အခြားနေရာများတွင်လည်းတပ်ဖြန့်တပ်စွဲထားပြီး ရွှေကူမြို့တွင်း၌ သေနတ်သံထွက်လာပါက တစ်မြို့လုံး မီးရှို့မည်ဟု ဒေသခံများကိုလည်း ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။

ရွှေကူမြို့အနောက်ဘက်ခြမ်းရှိ ရေလဲ ၊ မိုးစစ်ကျေးရွာများဘက်တွင် ၂၀၂၂ ခုနှစ်က အောက်တိုဘာလ ၊ စက်တင်ဘာလ ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်း အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်ခဲ့မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်အချို့မီးရှို့ခံရမှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများထိခိုက်သေဆုံးမှု ၊ အရပ်သားဖမ်းဆီးခံရမှုများ ရှိခဲ့သည်။

Show More

Related Articles

Back to top button