တိုက်ပွဲလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် ဆိုင်းဖရာဒေသခံ တစ်ဦးသေဆုံးပြီး ၆ ဦးပြင်းထန်ဒဏ်ရာရ

ဖားကန့်သွား လမ်းမပေါ်တွင်ရှိသော ဆိုင်းဖရာကျေးရွာ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့်  ဒေသခံပြည်သူ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးသွားကြောင်းသိရသည်။

ယနေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင် အချိန် စစ်ကောင်စီတပ်ဖွဲ့သည် ဆိုင်းဖရာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ၉ နာရီခွဲအချိန်တွင် ကျေးရွာအတွင်းရှိသော အမျိုးသမီးနှင့် ကလေးငယ်များအပါ စုစုပေါင်း ၅၀ ဦး ခန့်ကို ဖမ်းဆီးသွားပြီး ၁၂ ဘီးကား ၂စီး၊ Landcruiser တစ်စီးဖြင့် ဖားကန့်ဘက်သို့ တင်ဆောင်သွားရာ ဆိုင်းဖရာကျေးရွာအကျော် ဂတ်နွယ်(ပျားအုံ)ရွာထိပ်ပိုင်းအရောက်နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည်ဟု ဆိုင်းဖရာဒေသခံတစ်ဦးက KNG ကိုပြောသည်။

ရွာထိပ်နားမှာ တိုက်ခိုက်ခံရတာဟုတ်တယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ ဒေသခံတွေကို ဗမာစစ်သားတွေနဲ့ရောနှောပြီး တင်သွားတာ KIA က စစ်သားတွေကြီးပဲထင်လို့ ဝင်တိုက်လိုက်လို့ ထိသွားကြတာဟုတ်တယ်။ သူတို့က ဖားကန့်ဘက်ကို သယ်သွားကြဖို့ဟုတ်တယ်။ ကားထဲမှာကာ ၅၀ လောက်ပါသွားတယ်ဟုပြောသည်။

ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာတွင် အသက် ၂၈ နှစ်အရွယ်ရှိသူ အင်ဒွပ်ဆိုင်းနူးမိုင်ခေါ်သူ ပွဲချင်းပြီးသေဆုံးသွားပြီး ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသည်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့်အထိ ပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ပြင်းထန်ဒဏ်ရာရရှိသူကို မြစ်ကြီးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်ဒဏ်ရာရရှိထာားသည့် ၅ ဦး(မစိုးရိမ်ရ)ကို လက်ရှိတွင် ဒေသအတွင်း ဆေးကုသခံယူနေရကြောင်းသိရသည်။

ယနေ့ စစ်ကောင်စီ လူသားဒိုင်းအဖြစ် ဖမ်းဆီခေါ်ဆောင်သွားသည့် ဆိုင်းဖရာဒေသခံများသည် အများသောအားဖြင့် အမျိုးသမီးများဖြစ်ကြပြီး ဖမ်းဆီးသွားသူများကို နေ့လည် ၁၂ နာရီဝန်းကျင်နောက်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့သည်ဟု ဒေသခံများခံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဆိုင်းဖရာကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA စိုးမိုးထားသော ကျေးရွာဖြစ်သည်ဟု စွပ်စွဲပြောဆိုကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းနှင့်  ယခုလို စစ်ကောင်စီဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သည့်အတွက် လက်ရှိတွင် တစ်ရွာလုံးထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆက်သိရသည်။

Show More

Related Articles

Back to top button