တိုက်ပွဲသတင်း

ထီးချိုင့်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ ၄ စီဖြင့် ဗုံးကျဲတိုက်ခိုက်နေ

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ကြား ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး လက်ရှိတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှသိရသည်။

ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းမှစတင်ကာ စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ထီးချိုင့်မြို့နယ် တောင်ဘက်ခြမ်းရှိ ကျူတောင်ကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုး

ဝင်ရောက်လာပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့အထိ တောမရွာ နှင့် မရသိမ်ရွာကြား ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကျဲပစ်ခတ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြစ်ကြီးနားကဆင်းလာတာ ၄ စီးနဲ့လာပစ်နေတယ် လက်ရှိက ကျူတောင်ကုန်းအဲ့နားပတ်ဝန်းကျင်မှာပဲ တိုက်ပွဲလည်း ဆက်တိုက်ဖြစ်နေတယ်။ မနေ့ကဆိုမနက်၆နာရီကနေ နေ့လည် ၁၁ နာရီထိဖြစ်နေတာ ဒီမနက်လည်းဖြစ်နေတာ အခုထိပဲတိုက်ပွဲကသုံးရက်ဆက်တိုက်ဖြစ်နေပြီ။ မနေ့ကနဲ့ ဒီနေ့ ကတော့တိုက်ပွဲကပြင်းထန်တယ် လက်ရှိသိရသလောက်က ကျနော်တို့ဘက်က ၄ဦးဒဏ်ရာရတယ် သူတို့ဘက်က တော့ အကျအဆုံးရှိပေမဲ့ အတည်မပြုနိုင်သေးပါဘူးဟုဆိုသည်။

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တောင်ဘက်ခြမ်းရှိကျေးရွာများသို့  စစ်ကေင်စီတပ် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင်တစ်ကြိမ်၊ ၉ နာရီ ၅၆ မိနစ်တွင်တစ်ကြိမ်၊ ၁၀ နာရီ ၁၅ မိနစ်တွင်တစ်ကြိမ်၊ ၁၀ နာရီ ၃၂ မိနစ်တွင်တစ်ကြိမ် စုစုပေါင်း ၄ ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားနေသည့်အနီးတစ်ဝိုက်ရှိသော ကျေးရွာများဖြစ်သည့် ဝါးပိုးချောင်း၊ မရသိမ်၊ တောမ၊ဖုန်ကုန်း၊ဝဲကြီး၊ ဒိုးပင်၊မီးကျောင်းအိုက် စသည့်ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသူက ဆက်ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများတွင် များသောအားဖြင့် အသက်ကြီးရွယ်အိုနှင့် ကလေးငယ်များပါဝင်ပြီး လက်ရှိတွင် တောတောင်နေရာများသို့ တိမ်းရှောင်နေရကြသည့်အတွက် အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း ဆက်သိရသည်။

လက်ရှိက တိုက်ပွဲဖြစ်ပွားနေတဲ့နီးတဲ့နေရာကအကုန်ပြေးနေရတာပေါ့ စားနပ်ရိက္ခာအခက်အခဲတွေတော့ရှိတာ ပေါ့ ကျနော်တို့အဖွဲ့တွေနဲ့ရပ်ကျေးအဖွဲ့တွေပူးပေါင်းပြီး စီစဥ်နေတာတွေတော့ရှိပါတယ်ဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များ နှင့် KIA PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် ထီးချိုင့်မြို့နယ် တောင်ဘက်ခြမ်း ထီးချိုင့်မြို့ နှင့် ၆မိုင်အကွာတွင်တည်ရှိသည် ဟုဒေသခံများကဆိုသည်။

ထီးချိုင့်မြို့နယ်သည် ကချင်စစ်ကိုင်းအစပ်တွင်တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ် နှင့် ဒေကာကွယ်ရေးတပ်ဖွဲ့ကြား မကြာခဏဆိုရသလို တိုက်ပွဲပြင်းထန်လျှက်ရှိသည့် မြို့နယ်လည်းဖြစ်သည်။

Show More

Related Articles

Back to top button