သတင်း

ဖားကန့် Happy KTV တွင် စစ်ကောင်စီဗိုလ်မှူးတစ်ဦးနှင့် လုပ်ငန်းရှင် ၄ ဦးပစ်ခတ်ခံရပြီး သုံးဦးသေဆုံး

ဖားကန့်မြို့တွင်း မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန် စစ်ကောင်စီဗိုလ်မှူးတစ်ဦးနှင့် လုပ်ငန်းရှင်လေးဦးတို့ ပစ်ခတ်ခံရပြီး အဆိုပါ ဗိုလ်မှူး နှင့် လုပ်ငန်းရှင် ၂ ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

Happy KTV တွင် စားသောက်‌နေကြသည့် စစ်ကောင်စီတပ် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၁၃ မှ DSA အပတ်စဥ် ၄၇ ဆင်း ဗိုလ်မှူး ဇော်မောင်နှင့် လုပ်ငန်းရှင်လေးဦးစုစုပေါင်း ၅ ဦးပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိသူ နှစ်ဦးကိုဆေးရုံပို့ထားကြောင်း ဖြစ်စဥ်သိသူ ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ဗိုလ်မှူးက အသစ်ပြောင်းလာတာဆိုတော့ လုပ်ငန်းရှင်တွေက စောင့်ရှောက်ပေးပါ ဘာညာ အ့လိုမျိုးနေမှာပေါ့ အဲ့တာသတင်းရပြီး ဒီနေ့မနက် KTV ထဲမှာလုပ်ကြံခံလိုက်ရတာ KTV ကနေ အထွက် ကားပါကင်အရောက်မှာ ပစ်ခတ်ခံရတာလို့သိရတယ်။ သေဆုံးတဲ့သူတွေကိုတော့ ရင်ခွဲရုံပို့ထားတယ်တဲ့ တာပေမယ့်တစ်လောင်းပဲရင်ခွဲရုံရောက်တယ် ကျန်တဲ့၂လောင်းကမရောက်လာဘူးတဲ့ဟုပြောသည်။

သေဆုံးသူသုံးဦးတွင် ဗိုလ်မှူးဇော်မောင်အပါ လုံးခင်းကျေးရွာ လုံးခင်းကားကြီးဘေးရှိဘောလုံးကွင်းပိုင်ရှင်လည်းဖြစ် လုံးခင်းရှိဦးရှမ်းကြီးဆေးဆိုင်ပိုင်ရှင်လည်းဖြစ်သည့် ဦးဝတုတ် အသက် ၄၀ ကျော်အမည်ရင်းစုံစမ်းဆဲ နှင့်အခြားလုပ်ငန်းရှင်တစ်ဦး ပါဝင်ပြီး ကျန်လုပ်ငန်းရှင် နှစ်ဦးကို မြစ်ကြီးနားဆေးရုံတွင် ယနေ့နံနက်ပိုင်းပို့လိုက်ကြောင်း ဖြစ်စဉ်သိရှိသူ တစ်ဦးကဆိုသည်။

ပစ်ခတ်မှုတွင် အထက်ဖော်ပြခဲ့သည့် ငါးဦးထခိုက် သေဆုံးခဲ့သည့်အပြင် ဆိုင်ဝန်ထမ်းအချို့ထိခိုက်မှုလည်းရှိခဲ့ကြောင်းသိရပြီး KNG ကအတည်ပြုနေဆဲ ဖြစ်သည်။

ပစ်ခတ်မှုတွင်းသေဆုံးသွားသည့် ဦးဝတုတ်မှာ ၂၀၂၂ အောက်တိုဘာလ ဖားကန့် KIA တပ်မဟာ ၉ အနမ့်ပါလေယာဥ်ဗုံးကျဲမှုဖြစ်စဥ်တွင် အဓိက ပါဝင်ဆက်နွယ်နေသူဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဗိုလ်မှူးအပါအဝင် လုပ်ငန်းရှင် ၄ ဦးပစ်ခတ်ခံရမှုကြောင့် ဖားကန့် စစ်တပ်ဗျူဟာကုန်း၊ လုံးခင်းယမ်းတိုက်နှင့် စစ်ကောင်စီတပ်ထိုင်းထားသည့်နေရာများမှ ဖားကန့်မြို့နယ်၏ တောင်ပိုင်း၊ မြောက်ပိုင်းနေရာများတွင် လက်နက်ကြီးများ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button